လက်ပံတန်းမြို့၌ mask မတပ်သူ ၁၃၀ ခန့်ကို ဒဏ်ရိုက်အရေးယူ
DVB
·
May 22, 2020
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ တိုင်းအစိုးရရဲ့ ညွှန်ကြားချက်နဲ့ mask မတပ်သူတွေကို မေ ၂၁ ရက်နေ့ မနက်ပိုင်းက ပထမဆုံးအကြိမ် ဒဏ်ရိုက်အရေးယူခဲ့ရာ လူ ၁၃၀ လောက်ရှိတယ်လို့ သိရပါတယ်။
လက်ပံတန်းမြို့ COVID-19 ရောဂါ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဦးဆာင်ပြီး လမ်းမတော်လမ်းနဲ့ တန် - ၂၅၀ လမ်းထောင့်ကနေ မြို့အတွင်းကို mask လုံခြုံစွာတပ်ဆင်ထားခြင်းမရှိဘဲ ဝင်ရောက်လာသူတွေအား ၁ ဦးကို mask ၂ ခုပေးတာနဲ့ ကျပ် ၂၀၀၀ ဒဏ်ရိုက်တာတွေ ပြုလုပ်ခဲ့တာလို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်းက ပြောပါတယ်။
မေ ၁၇ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ပြည်သူတွေ ပြင်ပကို ထွက်ခွာတဲ့အခါ စနစ်တကျ လုံခြုံစွာ mask တပ်ဆင်ဖို့ အသိပညာပေး ပြုလုပ်ခဲ့ပြီးနောက် မေ ၂၁ ရက်ကစတင်ကာ COVID-19 ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်း အထောက်အကူပြုအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ စေတနာ့ဝန်ထမ်းများစုပေါင်းပြီး လက်ပံတန်းမြို့အဝင် လမ်းဆုံကနေ စောင့်ဆိုင်းကာ အခုလို အရေးယူဆောင်ရွက်တာလို့ ဆိုပါတယ်။
အရေးယူမှုကို မေ ၃၁ ရက်နေ့အထိကို လက်ပံတန်းမြို့ အဝင် လမ်းဆုံနေရာတွေနဲ့ လူစည်ကားရာနေရာတွေမှာ ဆက်လက်ဆောင်ရွက်မယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
သတင်း/ဓာတ်ပုံ ဝဏ္ဏထွန်း