ပုသိမ် ဟွာဘိုတိုင်းမ်အထည်ချုပ်စက်ရုံက အလုပ်ထုတ်ခံရသူ ၁၀၀ ကျော်ကို အလုပ်ပြန်ခန့်မည်
DVB
·
May 22, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ဟွာဘိုတိုင်းမ်အထည်ချုပ်စက်ရုံက လုပ်သား ၁၀၀ ကျော် အလုပ် ထုတ်ခံရတာနဲ့ ပတ်သတ်ပြီး စက်ရုံရဲ့လုပ်ငန်းတွေ ပုံမှန်ပြန်လည်ပတ်လို့ ရချိန်မှာ လျှော့ချထားတဲ့ အလုပ်သမားတွေကို မူလရာထူး လစာအတိုင်းပြန်ခန့်ပေးသွားမှာဖြစ်တယ်လို့ စက်ရုံက တာဝန်ရှိသူက ပြောပါတယ်။
COVID-19 ရောဂါဖြစ်ပွားနေစဉ်အတွင်း စက်ရုံက စက်ခုံတွေလျှော့ပြီး နေရာကျဲအောင် လုပ်ရတာကြောင့် အလုပ်သမားအင်အားကို လျှော့ချခဲ့ရတာလို့ ဟွာဘိုတိုင်းမ် အထည်ချုပ်စက်ရုံက HR မန်နေဂျာ ဒေါ်စုစံဝင်းက ဒီဗွီဘီကို ပြောပါတယ်။
"အမှန်ဆို အလုပ်သမားမလျှော့ချင်ပါဘူး၊ ဒီရောဂါကြောင့် စက်ခုံတွေ လျှော့ရတဲ့အခါ အလုပ် သမားက မဖြစ်မနေလျှော့ရမယ့်အခြေအနေ ရောက်လာလို့ပါ၊ ပုံမှန် ပြန်လည်ပတ်တဲ့အခါ သူတို့တွေကို မူလနေရာ မူလ လစားအတိုင်းပေးပြီး ပြန်ခေါ်ပေးသွားမှာပါ"လို့ ပြောပါတယ်။
စက်ရုံက မေလ ၁၄ ရက် ညနေပိုင်းမှာ ကြိုတင်အကြောင်းကြားတာမရှိဘဲ အလုပ်သမား ၁၀၇ ဦးကို အလုပ်သမားထုတ်ခဲ့တဲ့အတွက် အလုပ်သမားတွေက မေလ ၁၅ ရက်နေ့မှာ တိုင်းအစိုးရအဖွဲ့က လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါက်တာစိုးဝင်းကို ဥပဒေနဲ့အညီဆောင်ရွက်ပေးဖို့ အကူညီတောင်းခံခဲ့တယ်လို့ အလုပ်သမား တွေက ပြောပါတယ်။
မေလ ၁၉ ရက်ကမှာတော့ ဝန်ကြီး ဒေါက်တာစိုးဝင်းက အလုပ်သမားတွေနဲ့ အလုပ်သမားကိုယ်စားလှယ်တို့ကို ခေါ်ယူတွေ့ဆုံပြီး ဥပဒနဲ့မညီ အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးမှာ တင်ပြသွားဖို့ရှိကြောင်း အလုပ်သမားတွေကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အလုပ်ထုတ်ခံရသူ အလုပ်သမားသမဂ္ဂခေါင်းဆောင် ကိုနိုင်ဝင်းဆန်းက "ဝန်ကြီးက ခေါ်တွေ့တယ်၊ အဓိကကျနော်တို့ တိုင်ကြားထားတဲ့ အလုပ်ထုတ်တဲ့အချိန်မှာ ဥပဒေနဲ့မညီတာ တွေကို ခေါ်မေးတယ်၊ ပြီးတော့ တိုင်းအစည်းအဝေးမှာ တင်ပြပေးသွားမယ် ပြောပါတယ် "လို့ ပြောပါတယ်။
ဟွာဘိုတိုင်းမ်အထည်ချုပ်စက်ရုံဟာ အထည်တွေကို ဥရောပနဲ့ အမေရိကန်နိုင်ငံတွေကို အဓိကတင်ပို့နေတဲ့ Primark နဲ့ Zara တံဆိပ်အမျိုးအစားတွေကို အဓိကထုတ်နေတာဖြစ်ပြီး အလုပ်သမား ၁၈၀၀ ကျော်နဲ့ အလုပ်လည်ပတ်နေတဲ့ စက်ရုံလည်းဖြစ်ပါတယ်။
ဧရာဝတီတိုင်းက စက်မှုဇုန်တွေမှာ COVID-19 ရောဂါဖြစ်ပွားပြီးနောက်ပိုင်း စက်ရုံ ယာယီပိတ်သိမ်းတာနဲ့ အလုပ်သမားလျှော့ချတာတွေရှိခဲ့လို့ အလုပ်လက်မဲ့ဦးရေ ၄၆၀၀ ကျော်ရှိပြီလို့ အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
သတင်း- မင်းထက်မုန်း (ပုသိမ်)