ကပ်ဘေးကာလ ပြည်မြို့နယ်တွင် ကြက်တိုက်လောင်းကစားဝိုင်းဖမ်းမိ
မင်းညို
·
May 19, 2020
ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ အေးငြိမ်းရာ ဘာသာပေါင်းစုံသုသာန်အနီးက ခြံထဲမှာ ကြက်တိုက်လောင်းကစားဝိုင်းတခုကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ပြည်မြို့မ ရဲစခန်းကနေ သိရပါတယ်။
မေလ ၁၈ ရက် ညနေ ၄ နာရီခွဲလောက်က ကြက်တိုက်လောင်းကစားဝိုင်းကြီးလုပ်နေလို့ ဒေသခံရဲ့ သတင်းပေးပို့မှုအရ ချက်ခြင်းအတည်ပြုပြီး သွားဖမ်းကြရာမှာ ဆိုင်ကယ် ၂၆ စီး၊ သုံးဘီးဆိုင်ကယ်တစီးနဲ့ တိုက်လက်စ ကြက် ၄ ကောင်တို့ကိုထားပြီး ထွက်ပြေးကြရာမှာ ကစားသူ ၂ ယောက်ကို လက်ရောက်ဖမ်းမိခဲ့တယ်လို့ ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။
“အလောင်းအစားလုပ်နေသူတွေက တော်တော်လေးများပါတယ်။ ရဲတပ်ဖွဲ့တွေနဲ့ သက်သေတွေ ရောက်ရောက်ခြင်းပဲ အလျှင်အမြန်ထွက်ပြေးသွားကြတာကြောင့် ဗိုလ်တထောင်ရပ်ကွက် နေထိုင်သူ ၂ ယောက်ကိုပဲ လတ်တလော ဖမ်းမိပြီး ကျန်သူတွေကိုတော့ လိုက်လံ စုံစမ်းနေပါတယ်”
လတ်တလော ဖမ်းမိသူ ၂ ယောက်ကိုတော့ လောင်ကစားဥပဒေပုဒ်မ ၁၅ (က)နဲ့ မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
သူတို့နဲ့အတူ သက်သေအဖြစ် အမျိုးအစားစုံ ဆိုင်ကယ် ၂၆ စီး၊ သုံးဘီးဆိုင်ကယ်တစီး၊ကြက် ၄ ကောင်နဲ့ ငွေ ၃၀၀၀၀ ကျပ်တို့ကို သက်သေအဖြစ်ရှာဖွေပုံစံနဲ့ သိမ်းခဲ့တယ်လို့ ပြည်မြို့မ ရဲစခန်းကနေသိရပါတယ်။
သတင်း- မင်းညို