Home
မြန်မာသတင်း
ပြည်မြို့နယ်တွင် အဝေးပြေးယာဉ်လိုင်းများ မေ ၁၆ ရက်ကစတင် ပြန်ပြေးဆွဲမည်
မင်းညို
·
May 14, 2020
Car
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်မှာ အဝေးပြေးယာဉ်လိုင်းတွေကို မေ ၁၆ ရက်နေ့ကစပြီး ကျန်းမာရေးဆိုင်ရာ စည်းကမ်းတွေနဲ့အညီ ပြန်လည်ပြေးဆွဲခွင့်ပြုဖို့ မြို့နယ် အာဏာပိုင်တွေက ဆုံးဖြတ်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ရောဂါစဖြစ်ကတည်းက  ခရီးသည် မရှိတာကြောင့် ပြည်မြို့နယ်ကထွက်တဲ့ အဝေးပြေးကားတွေ ရပ်တန့်ထားခဲ့တာ တလကျော် ကြာလာခဲ့ပါပြီ။ ယာဉ်လိုင်းတချို့ကတော့ အဆင်ပြေသလို ပြေးဆွဲနေပေမယ့် ပြည်မြို့ကို ပြန်လာရင် Quarantine ဝင်ရမယ် ဆိုတာကြောင့် ယာဉ်လိုင်းအများစုက မထွက်ကြတော့ပါဘူး။ အခု ပြည်ထောင်စုအစိုးရက သတ်မှတ်ထားတဲ့ မေ ၁၅ ရက် ကျော်လာတဲ့အတွက် ယာဉ်လိုင်းတွေက ပြန်ထွက်ချင်လာပြီ ဖြစ်တာကြောင့် ပြည်မြို့နယ်က တာဝန်ရှိသူတွေက မေ ၁၃ ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကားတွေကို ပြန်လည်ထွက်ခွင့်ပြုလိုက်တာလို့  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စိုးစိုးကြည်က ပြောပါတယ်။  ကားသမားတွေနဲ့ ယာဉ်နောက်လိုက်တွေကို အမြဲတမ်း Mask နဲ့ လက်အိတ်တွေ တပ်ထားကြဖို့ အပါအဝင် တခြားသတ်မှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာရင် အရေးယူ ဆောင်ရွက်သွားမှာလို့ ပြည်မြို့နယ်ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြဝင်း က ပြောပါတယ်။ အဲဒီအစည်းအဝေးကနေ ခရီးသည်တဝက်လျှော့ပြီး ကားပေါ်မှာ ခုံခြားပြီးတင်ဖို့၊ ရန်ကုန် ခရီးသည်တွေရဲ့ စာရင်းကို အတိအကျပေးဖို့၊ ရွှေတောင်မြို့နယ် လွန်တာနဲ့ လမ်းမှာ ခရီးသည် ဆင်းခွင့်မပေးဖို့၊ အရင်ထွက်တဲ့ ကားအရေအတွက်ထက် လျှော့ပြီးမှထွက်ဖို့ စတဲ့အချက်အလက်တွေ အတိုင်း ခွင့်ပြုပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ စည်းကမ်းမလိုက်နာတဲ့ ကားတွေကိုတော့ ပထမအကြိမ် ဒဏ်ငွေ၊ ဒုတိယအကြိမ် ထောင်ဒဏ်နဲ့ တတိယအကြိမ်မှာတော့ ယာဉ်လိုင်းပိတ်သိမ်းတဲ့အထိ အရေးယူသွားဖို့တွေကို ဆုံးဖြတ်ပြီး မေ ၁၆ ရက်နေ့ကို ကားတွေ ပြန်လည်ထွက်ခွင့်ပြုလိုက်ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024