ရန်ကုန်အမျိုးသားသွေးဌာနတွင် သွေးအလှူရှင်များလိုအပ်နေ
သူဇာလင်း
·
May 12, 2020
COVID-19 ကပ်ရောဂါဖြစ်ပွားတဲ့ကာလအတွင်း ရန်ကုန်အမျိုးသားသွေးဌာနကို လာရောက်လှူဒါန်းတဲ့ သွေးအလှူရှင်က ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တဲ့အတွက် သွေးအလှူရှင်တွေ လိုအပ်နေပါတယ်။
အမျိုးသားသွေးဌာနမှာ သွေးလုံလောက်ဖို့ဆိုရင်တော့ တစ်ရက်ကို အလှူရှင် ၁၅၀ လိုအပ်တယ်လို့ ဆိုပါတယ်။ သွေးအလှူရှင်တစ်လာရောက်လှူဒါန်းတဲ့ သွေးက လူနာ ၃ ဦးကို ပြန်လည်ပေးဝေနိုင်ပါတယ်။
ဒါ့အပြင် သွေးအလှူရှင်တစ်ယောက်ရဲ့ လာရောက်လှူဒါန်းတဲ့ သွေးတွေကိုတော့ ၃ မျိုး ခွဲခြားတာမျိုးဖြစ်ပြီး ၄ ရက်သိုလှောင်တဲ့ သွေး ၊ ၃၅ ရက်သိုလှောင်တဲ့သွေးနဲ့ တစ်နှစ်သိုလှောင်တဲ့ သွေးဆိုပြီး သွေးရည်ကြည်အမျိုးအစားအလိုက် ခွဲခြားပြီး သိုလှောင်ထားတာဖြစ်တဲ့အတွက် လက်ရှိမှာ ၄ ရက်စာအတွက် သွေးအလှူရှင်လိုအပ်တာလို့ ရန်ကုန်အမျိုးသားသွေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်က ပြောပါတယ်။
လိုအပ်တဲ့ သွေးတွေကိုတော့ ကင်ဆာရောဂါဝေဒနာရှင်တွေနဲ့ သွေးရောဂါလူနာတွေဆေးကုသတဲ့ အချိန်မှာ အသုံးပြုပါတယ်။ သွေးရည်ကြည် ၃ မျိုးခွဲခြားလို့ရတဲ့ သွေးအလှူရှင်တွေကတော့ အမျိုးသားသွေး အလှူရှင်တွေ အများဆုံးဖြစ်ပြီး ကိုယ်အလေးချိန် ၁၂၀ ရှိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အကြိမ်ပေါင်းများစွာ ရောက်လှူဒါန်းတဲ့သူလည်း ဖြစ်ရပါမယ်။
လာရောက်လှူဒါန်းတဲ့ သွေးတွေကို သိုလှောင်သိမ်းဆည်းနိုင်ဖို့ တစ်ဦးစာအတွက် နည်းပညာပိုင်းကုန်ကျစရိတ်က ကျပ် ၃၀၀၀၀ ရှိတယ်လို့ သိရ ပါတယ်။
လက်ရှိ အမျိုးသားသွေးဌာနကို လာရောက်လှူဒါန်းတဲ့ သွေးအလှူရှင်တွေကတော့ လူငယ်ပိုင်းက အများဆုံးဖြစ်ပြီး တစ်ဦးချင်းလာရောက်လှူဒါန်းတဲ့သူတွေ ၊ စေတနာ့ဝန်ထမ်းတွေနဲ့ အဖွဲ့စည်းအလိုက် အချိုးကျ အပတ်စဉ်လာရောက်လှူဒါန်းတဲ့ သူတွေကြောင့် သွေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေး နိုင်တာဖြစ်တယ်လို့ ဒေါက်တာသီတာအောင်က ပြောပါတယ်။
အမျိုးသားသွေးဌာနမှာရှိတဲ့ သွေးတွေကိုတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၊ သွေးရောဂါဌာနနဲ့ မြောက်ဥက္ကလာပဆေးရုံကြီးမှာ အများဆုံးအသုံးပြုနေတာဖြစ်ပြီး အဲဒီဆေးရုံတွေ အပါအဝင် အစိုးရဆေးရုံပေါင်း ၁၆ ရုံကို သွေးမျှဝေနေတာဖြစ်ပါတယ်။