ရန်ကုန်တွင် COVID-19 လူနာသစ် ၂ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာ ၁၈၀ ဦး အထိရှိလာ
DVB
·
May 10, 2020
ရန်ကုန်တိုင်းဒေသကြီးမှာ COVID-19 အတည်ပြုလူနာသစ် ၂ ဦးထပ်မံ စစ်ဆေးတွေ့ရှိရပြီး နိုင်ငံတဝန်း အတည်ပြုလူနာပေါင်း ၁၈၀ အထိရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
လူနာသစ်နှစ်ဦးကတော့ အင်းစိန်မြို့နယ်က အသက် ၂၁ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးနဲ့ မရမ်းကုန်းမြို့နယ်က အသက် ၂၁ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ဖြစ်ပါတယ်။
အဆိုပါလူနာသစ် နှစ်ဦးဟာ ပြည်ပကိုခရီးသွားခဲ့တာ မရှိပေမယ့် COVID-19 အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိခဲ့ပြီး အသွားအလာကန့်သတ် စောင့်ကြည့်ခံနေရသူတွေ ဖြစ်ပါတယ်။
ဒီကနေ့ ညနေပိုင်းက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၉၀ ခုနဲ့ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ ၁၁၅ ခု၊ စုစုပေါင်း ၂၀၅ ခုကို စစ်ဆေးပြီးစီးခဲ့ရာမှာ COVID-19 လူနာသစ် ၂ ဦး တွေ့ရှိရတာဖြစ်ပါတယ်။
မေလ ၁၀ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ပေါင်း ၁၈၀ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူစုစုပေါင်း ၇၂ ဦးနဲ့ ဆေးရုံက ဆင်းခွင့်ပြုခဲ့သူ ၅၅ ဦး ရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။
Photo-MOHS