အင်းစိန်တွင် ကျန်းမာရေးစစ်တမ်းကောက်ပြီး ဓာတ်ခွဲစစ်ဆေးသူ ၁၆ ဦး ပိုးမတွေ့
DVB
·
May 10, 2020
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ လူနာအများဆုံးဖြစ်တဲ့ အင်းစိန်မြို့နယ်မှာ ပြီးခဲ့တဲ့ မေ ၆ ရက်က ကျန်းမာရေးစစ်တမ်း ကောက်ယူခဲ့ပြီး ဓာတ်ခွဲစစ်ဆေးသူ ၁၆ ယောက်လုံး ရောဂါပိုးမတွေ့ခဲ့ရဘူးလို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။
အင်းစိန်မြို့နယ်မှာ ရောဂါကူးစက်ခံရသူအများဆုံးဖြစ်တဲ့ ရွာမအရှေ့ရပ်ကွက်၊ တောင်သူကုန်းရပ်ကွက်၊ အရှေ့ကြို့ကုန်းရပ်ကွက်နဲ့ အနောက်ကြို့ကုန်းရပ်ကွက်တို့ကို တိုင်းအစိုးရရဲ့ လမ်းညွှန်ချက်နဲ့ ကျန်းမာရေး စစ်တမ်း ကောက်ယူခဲ့ပြီး မေ ၈ ရက်အထိ လူပေါင်း ၅ သောင်းလောက်ကို စစ်ဆေးနိုင်ခဲ့ပါတယ်။
မေ ၆ ရက်က စစ်တမ်းကောက်ယူတဲ့ထဲက ထူးခြားလက္ခဏာရှိသူ ၁၆ ယောက်ကို စောင့်ကြည့်စခန်းပို့ခဲ့ပြီး ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးခဲ့တယ်လို့ ဦးဝေဖြိုးဟန်က ဆိုပါတယ်။
ဒါ့အပြင် အင်းစိန်ဆေးရုံကို ပို့ဆောင်ခဲ့သူ ၃ ယောက်ရှိပြီး သူတို့ထဲက ၂ ယောက်ကတော့ သာမန်ဖျားနာတာပဲ ဖြစ်လို့ ဆေးရုံကဆင်းခွင့်ရပြီး နောက်တယောက်ကိုပဲ ဓာတ်ခွဲအဖြေ ရယူခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့က ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့သူအားလုံးမှာ ကိုရိုနာဗိုင်းရပ်စ် မတွေ့ခဲ့ရဘူးလို့လည်း သူက ဆိုပါတယ်။
လူထု ကျန်းမာရေး စစ်တမ်းကောက်ယူတဲ့ အစီအစဉ်ဟာ အင်းစိန်မြို့နယ်က ပထမဦးဆုံးဖြစ်ပါတယ်။ Semi Lockdown ၁ဝ မြို့နယ်ထဲ ပါဝင်တဲ့ အင်းစိန်မြို့နယ်မှာ ဒီနေ့အထိ ပိုးတွေ့ အတည်ပြုလူနာ ၄၄ ယောက်ရှိပါတယ်။