အင်းစိန်နှင့် တာမွေတွင် COVID-19 လူနာသစ် ၁၄ ဦးထပ်တွေ့
DVB
·
May 7, 2020
ရန်ကုန်မှာ COVID-19 ရောဂါအတည်ပြုလူနာသစ် ၁၄ ဦးထပ်မံစစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံတဝန်းမှာ အတည်ပြုလူနာ ၁၇၆ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။
လူနာသစ်တွေကတော့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က ၁၂ ဦးနဲ့ တာမွေမြို့နယ်က ၂ ဦးတို့ ဖြစ်ပြီး အားလုံးဟာ ပြည်ပကိုခရီးသွားခဲ့တာ မရှိပေမယ့် အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိခဲ့လို့ အသွားအလာ ကန့်သတ်ထားရှိသူတွေဖြစ်ပါတယ်။
ဒီကနေ့ ညနေပိုင်းက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ပထမအသုတ်စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၈၃) ခု၊ ဆေးသုတေသနဦးစီးဌာနမှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၀၂) ခု၊ စုစုပေါင်း (၁၈၅) ခုမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၄) ဦး တွေ့ရှိရတာပါ။
မေလ ၇ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁၇၆ ဦး၊ သေဆုံးသူ ၆ ဦး၊ ပိုးကင်းစင်လာသူ ၆၂ ဦးနဲ့ ဆေးရုံကဆင်းခွင့်ပြုခဲ့သူ ၃၇ ဦး ရှိတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ-MOHS