မောင်တောနယ်စပ် ရွက်ညိုးတောင်နှင့်သရက်အုပ် ကျေးရွာသွားလမ်း ပြုပြင်ပေးရန် တောင်းဆို
DVB
·
May 7, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ၂ နှစ်ကျော်ကြာ ပျက်စီးနေတဲ့ ရွက်ညိုးတောင်ကျေးရွာနဲ့ သရက်အုပ် သွားလမ်းကို ပြုပြင်ပေးဖို့ ကျေးရွာအုပ်ချု်ပရေးမှူးက တောင်းဆိုလိုက်ပါတယ်။
ရွက်ညိုးတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညီညီက "လမ်းက ပျက်စီးနေတာ ၂ နှစ်တောင်ကျော်ပါပြီ။ ပြုပြင်ခြင်းလုံးဝမရှိဘူး။ အခုနွေရာသီမှာ ဒီလမ်းတွေကို မပြုပြင်ရင် ဒီနှစ်မိုးရာသီမှာ တော်တော်အခက်တွေ့မှာပါ။ နွေရာသီမှာတောင် ဆိုင်ကယ်နဲ့ သွားမှရတာပါ။ ကားလုံးဝသွားမသွားပါဘူး။ နောက်တခု ကျနော်တို့ ကျေးရွာတွေကို စားနပ်ရိက္ခာတွေ သွားဝယ်ရင် လှဖိုးခေါင်စခန်းက စစ်ဆေးမှုတွေများတယ်။ တနိုင်တပိုင်လောက်သာသယ်ယူလို့ရတယ်။ ICRC က ထောက်ပံ့တာနဲ့ အသက်မွေးနေရတယ်" လို့ ပြောပါတယ်။
ကျေးရွာကို စားနပ်ရိက္ခာတွေနဲ့ ဆိုင်ပစ္စည်းတွေ သယ်ဆောင်ရာမှာ ပိတ်ပင်တားဆီးမှုတွေအကြောင့် အခက်အခဲကြုံနေရတယ်လို့ ရွက်ညိုးတောင်ကျေးရွာမှာ ဈေးဆိုင်ဖွင့်ထားသူတဦးက ပြောပါတယ်။
ဒီအခြေအနေအပေါ် မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က "အဲ့ဒီလမ်းသွားဖူးတယ်၊ ပျက်စီးနေတာမှန်တယ် အခုနှစ်လုပ်ဖို့ ဘတ်ဂျတ် ပါမလာတော့ နိုင်ငံတကာကြက်ခြေနီ အဖွဲ့ ICRC ကို တင်ပြတောင်းဆိုထားတာရှိတယ်။ သူတိုလည်း ဘာမှအကြောင်း မပြန်ဘူးဖြစ်နေတယ်။ စားနပ်ရိက္ခာနဲ့ စျေးဆိုင်ပစ္စည်းတွေ သယ်ယူတာ တားဆီးထားတာတော့ မရှိဘူးဗျ။ မူးယစ်ဆေးတို့ ဘာတို့ကြောင့် တားဆီးစစ်ဆေးတာတော့ ရှိမှာပေါ့။ စားနပ်ရိက္ခာနဲ့ စျေးဆိုင်ပစ္စည်တွေ သယ်ယူလို့ တားဆီးတယ်ဆို စာနဲ့လာတိုင်ပါ၊ သက်ဆိုင်ရာကိုအကြောင်းကြားပေးပါမယ်" လို့ ပြောပါတယ်။
ပြည်နယ်လွှတ်တော်အမတ်ဦးထွန်းလှစိန်ကတော့ "ရွာနှစ်ရွာလုံး လမ်းက သွားမရအောင်ပျက်စီးနေတာမှန်ပါတယ်။ ၂၀၂၀ဘဏ္ဍာနှစ်မှာ ကျေးလက်ကနေ တင်ထားတာကို ပြည်ထောင်စုက ဖြုတ်ချထားလိုက်တော့ ၂၀၂၁ မှာမှ ပါလာအောင် ကြိုးစားရမှာပါ" လို့ ပြောပါတယ်။
ရွက်ညိုးတောင်ကျေးရွာမှာ အိမ်ခြေ ၄၃ အိမ်၊ လူဦးရေ ၁၂၅ ဦးနဲ့ သရက်အုပ်ကျေးရွာမှာ အိမ်ခြေ ၁၅ အိမ်၊ လူဦးရေ ၅၀ လောက် နေထိုင်တဲ့ တိုင်းရင်းသားကျေးရွာတွေ ဖြစ်ပါတယ်။
လင်းလက်