COVID-19 လူနာ ၅၀ စာအတွက် ဆေးဝါးဝယ်ယူခွင့် တင်ပြထားဟု မော်လမြိုင်ဆေးရုံအုပ်ပြော
DVB
·
May 2, 2020
ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အတည်ပြုလူနာ ၅၀ စာအတွက် ကုသရေး ဆေးဝါးဝယ်ယူခွင့်ကို အစိုးရဆီမှာ တင်ပြတောင်းဆိုထားတယ်လို့ မော်လမြိုင်ပြည်သူ့ဆေးရုံအုပ်ကြီးက ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ Positive လူနာတွေကို မော်လမြိုင်ပြည်သူ့ဆေးရုံ တခုတည်းမှာပဲ အဓိက ကုသပေးနေတာပါ။
လက်ရှိမှာ Positive လူနာနဲ့ PUI စောင့်ကြည့်လူနာတွေကို ကုသပေးဖို့ ကုသရေး ခုတင် ၂၅၀ ကို ကြိုတင်ပြင်ဆင်တာတွေကို လုပ်ဆောင်ထားတဲ့အပြင် COVID-19 ရောဂါ Positive လူနာ ၅၀ စာအတွက် ကုသရေး ဆေးဝါး ဝယ်ယူခွင့်ကိုလည်း အစိုးရဆီမှာ တင်ပြတောင်းဆိုထားတယ်လို့ မော်လမြိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က ပြောပါတယ်။
ကုသဆေး ဆေးဝါး ဝယ်ယူရာမှာလည်း COVID-19 ရောဂါ Positive လူနာတွေအတွက် ကုသပေးဖို့ ဆေးဝါး ၁၁ မျိုးကို အဓိကထား ဝယ်ယူသွားဖို့ ရှိနေပါတယ်။
ဆေးရုံသုံး ဆေးဝါးနဲ့ COVID-19 ရောဂါ Positive လူနာကုသရေးဆေးဝါး ဝယ်ယူဖို့ ကျန်းမာရေးနဲ့ အားကာစားဝန်ကြီးဌာနက ရန်ပုံငွေ ငွေကျပ်သိန်း ၆၀၀၀ နီးပါးကို နှစ်ရစ်ခွဲပြီး ထောက်ပံ့ပေးထားတာပါ။
အခုအခါ ဆေးရုံတွေမှာ ကျန်းမာရေးအတွက် စနစ်တကျ သင်ကြားပေးထားတဲ့ သန့်ရှင်းရေး ဝန်ထမ်း လိုအပ်ချက်တွေ ရှိနေတယ်လို့ ဒေါက်တာကျော်မြင့်က ဆိုပါတယ်။
COVID-19 ရောဂါကြောင့် ဆေးဝါးဝယ်ယူခွင့်ကို အခုနောက်ပိုင်းမှာ ဖြေလျှော့တာတွေ လုပ်ဆောင်ပေးထားပြီး တင်ပြလာရင်လည်း ချက်ချင်း ခွင့်ပြုပေးနေတယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။
အစိုးရအနေနဲ့ အခုအခါ ဆေးရုံတွေမှာ လိုအပ်တဲ့ ခုတင်တွေနဲ့ တခြား ဆက်စပ်ပစ္စည်း ထောက်ပံ့တာတွေ လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ လူနာနံပါတ် ၂၇ တဦးတည်းသာ ရှိနေပြီး လူနာနံပါတ် ၂၇ မှာလည်း ရောဂါပိုး မရှိတော့ဘဲ ကျန်းမာရေးကောင်းနေပါတယ်။
ဇော်လွင်ထွဋ်