ပိုးမွှားကင်းစင်ကြောင်းထောက်ခံချက်မပါသဖြင့် မြန်မာ့ဆန်များကို တရုတ်လက်မခံ
DVB
·
April 29, 2020
ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက် မပါလို့ မြန်မာ့ဆန်တွေကို တရုတ်နိုင်ငံဆီ တင်ပို့လို့မရဘဲ မူဆယ်နယ်စပ်မှာ ဆန်အိတ်တွေသောင်းနဲ့ချီ သောင်တင်နေပါတယ်။
ဧပြီ ၃ ရက်ကစတင်ပြီး မူဆယ်နယ်စပ်မှာ တရုတ်ပြည်ဝင်ရောက်လာတဲ့ ဆန်ကားတွေကို တရုတ်အစိုးရ တာဝန်ရှိသူတွေက ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက်လက်မှတ် တောင်းခံမှုတွေ ရှိနေတာပါ။
ဒါပေမဲ့ မြန်မာလုပ်ငန်းရှင်တွေဘက်က သူတို့တောင်းခံတဲ့ လက်မှတ်ကို မပေးနိုင်တာကြောင့် တရုတ်ပြည်အတွင်းကို ဝင်ရောက်ခွင့်မရဘူးလို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။
ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက်စာရွက်ကို လုပ်ငန်းရှင်တွေက စိုက်ပျိုးရေးဦးစီးဌာနကိုတောင်းခံထားပေမဲ့လည်း ဌာနဘက်က ထုတ်ပေးနိုင်ခြင်း မရှိသေးလို့လည်း ဆိုပါတယ်။
“မြန်မာနိုင်ငံမှာ ဒီလက်မှတ်ကို စိုက်ပျိုးရေးဌာနက ထုတ်ပေးရမှာပါ။ ဒါပေမဲ့ဌာနက ခုချိန်ထိ ထုတ်မပေးနိုင်သေးဘူး"လို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။
ဒါကြောင့်မူဆယ်နယ်စပ်မှာ ဆန်တန်ချိန် ၃၀၀၀ လောက် ဆန်အိတ်အရေအတွက်အားဖြင့် ၆၀၀၀၀ လောက်ဟာ တစ်လလောက် သောင်တင်နေပါတယ်။