ဆီးရီးယားမြောက်ပိုင်း ဗုံးခွဲတိုက်ခိုက်မှုတွင် ကလေး ၁၁ ဦးအပါအဝင် လူ ၄၀ သေဆုံး
DVB
·
April 29, 2020
ဆီးရီးယားနိုင်ငံမြောက်ပိုင်း အက်ဖှရင်မြို့မှာ ဧပြီ ၂၈ ရက်က လောင်စာဆီတင်ယာဉ်တစီးကို ဗုံးနဲ့ ဖောက်ခွဲခံရလို့ ကလေး ၁၁ ယောက်အပါအဝင် အရပ်သားအယောက် ၄၀ ထက်မနည်း သေဆုံးသွားတယ်လို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အက်ဖှရင်မြို့လယ် လူထူတဲ့နေရာမှာ ပေါက်ကွဲခဲ့တာလို့ ဝန်ကြီးဌာနက တွစ်တာလူမှုကွန်ရက်ကနေ ကြေညာခဲ့ပြီး ဆီးရီးယားအခြေစိုက် ကာဒစ်ရှ် YPG ပြည်သူ့စစ်တွေက တိုက်ခိုက်တာလို့လည်းဆိုပါတယ်။
ဈေးလို့ ပြောတဲ့နေရာတခုမှာ ပျက်စီးနေတဲ့ အဆောက်အအုံနဲ့ အပျက်အစီး အစအနတွေ ပြန့်ကျဲနေတာ ပြထားတဲ့ ရုပ်သံကိုလည်း အွန်လိုင်းမှာ တင်ထားပါတယ်။
တူရကီအစိုးရဟာ YPG တပ်ကို တူရကီပိုင်နက်ထဲက ကာဒစ်ရှ် စစ်သွေးကြွတွေနဲ့ ပတ်သက်တဲ့ အကြမ်းဖက်အုပ်စုလို့ ရှုမြင်ပါတယ်။
တူရကီစစ်တပ်ဟာ သူ့နယ်စပ်ကနေ YPG တပ်ကို မောင်းထုတ်ဖို့ ဆီးရီးယား မြောက်ပိုင်းထဲမှာ စစ်ဝင်တိုက်ခဲ့ပါတယ်။
တူရကီ စစ်တပ်နဲ့ ဆီးရီးယားသူပုန် မဟာမိတ်တွေဟာ ကာဒစ်ရှ် မွတ်စလင်တွေ အများစု နေထိုင်ရာ အက်ဖှရင်မြို့ကို မတ်လ ၂၀ တည်းက YPG တွေဆီကနေ သိမ်းပိုက်ထားပါတယ်။
တူရကီအစိုးရဟာ တိုက်ခိုက်မှုတွေအတွက် YPG တွေကို မကြာခဏ စွပ်စွဲလေ့ရှိပြီး YPG တွေကတော့ အရပ်သားတွေကို ပစ်မှတ်မထားဘူးလို့ ပြန်ပြောပါတယ်။