Homeမြန်မာသတင်း
လူနာအမှတ် ၁၄၆ နှင့် ထိတွေ့မှုရှိသည့် ဆူရှီဆိုင်ဝန်ထမ်း ၇ ဦးကို Quarantine Center ပို့
လူနာအမှတ် ၁၄၆ နှင့် ထိတွေ့မှုရှိသည့် ဆူရှီဆိုင်ဝန်ထမ်း ၇ ဦးကို Quarantine Center ပို့
ဆုဆုသွယ်
·
April 26, 2020
COVID-19 အတည်ပြုလူနာအမှတ် ၁၄၆ နဲ့ ထိတွေ့မှုရှိတဲ့ ဆူရှီဆိုင်ဝန်ထမ်း ၇ ဦးကို Quarantine Center ပို့လိုက်ပြီလို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
COVID-19 ကူးစက်ခံရတဲ့ လူနာအသစ် ၂ ဦးထဲက ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်က ပိုးတွေ့လူနာ ၁၄၆ ဟာ လူနာအမှတ် ၁၃၉ ရဲ့ အမျိုးသားဖြစ်ပြီး အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုမှုခံယူနေတုန်း ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
COVID-19 အတည်ပြုလူနာနံပါတ် ၁၄၆ ဟာ ပါရမီလမ်းမှာ ဆူရှီဆိုင်ဖွင့်လှစ်ထားသူတဦး ဖြစ်ပါတယ်။
လက်ရှိမှာတော့ သူရဲ့ဆိုင်ကို Lockdown လုပ်ထားပြီး ဆိုင်ဝန်ထမ်း ၇ ဦးကိုလည်း သက်ဆိုင်ရာ ကျန်းမာရေးဌာနကနေ Quarantine Center ကို ခေါ်ယူသွားပြီလို့ လှိုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ဒေါ်ခိုင်မာဌေးက ပြောပါတယ်။
လူနာအမှတ် ၁၄၆ နေထိုင်ခဲ့တဲ့ ကမာရွတ်မြို့နယ် အောင်မေတ္တာ ၁ လမ်းက နေအိမ်ကိုလည်း Lockdown ချထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ မွန်းလွဲပိုင်းအထိ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၆ ဦး၊ သေဆုံးသူ ၅ ဦးနဲ့ ရောဂါပိုးကင်းစင်လာသူ ၁၀ ဦးရှိပြီလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအများစုမှာ ရန်ကုန်တိုင်းကဖြစ်ပြီး လက်ရှိ အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေရသူ ၃ ဦးရှိပါတယ်။
ကျန်ရှိနေတဲ့ ရောဂါပိုး ကူးစက်ခံရပြီး ဆေးရုံတက်ရောက်နေတဲ့ လူနာတွေကတော့ ကျန်းမာ ရေး ကောင်းမွန်တည်ငြိမ်နေတယ်လို့ ဆိုပါတယ်။