ဧရာဝတီမြစ်အတွင်း မြစ်သဲကျောက်ထုတ်ယူမှု ရပ်တန့်ပေးရန် တောင်းဆို
DVB
·
April 23, 2020
ဧရာဝတီမြစ်အတွင်း ကျောက်စရစ်စုပ်မော်တော်တွေနဲ့ မြစ်သဲကျောက် ထုတ်ယူနေလို့ ကြံခင်းမြို့နယ်ထဲက ကျေးရွာတချို့ကမ်းပါးပြိုကျတာတွေနဲ့ တွေ့ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြံခင်းမြို့နယ်အတွင်းက ကျွန်းကြီးကျေးရွာ၊ ရှမ်းစုကျေးရွာ၊ ပေါက်တိုင်းကျေးရွာ၊ အကောက်တောင်ကမ်းခြေရှိ သောကြာဒူးကျေးရွာ စတဲ့ ကျေးရွာတွေရှိ မြေနုကျွန်းတွေ ပြိုကျတာတွေနဲ့ ကျေးရွာရှိကမ်းပါတွေ ပြိုကျနေတာပါ။
ဒေသခံပြည်သူတွေက သူတို့ရဲ့လုပ်စားမြေတွေလျော့နည်းလာပြီး နေစရာတွေပျောက်နေလို့ ဧရာဝတီမြစ်အတွင်းမှာ မြစ်ကျောက်စရစ်ထုတ်လုပ်တာကို ရပ်တန့်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေပါတယ်။
ကျွန်းကြီးကျေးရွာရာအိမ်မှူး ဦးအေးဇော်ကတော့ "ခုဟာ ပဲခူးတိုင်းက လိုင်စင်ချလို့ ကျောက်သဲစုပ်ကြတယ်။ ဒါပေမယ့် ကျနော်တို့ ကြံခင်းဘက်ခြမ်းကို လာစုပ်တယ်။ အဲတော့ ကျနော်တို့ ကိုင်းစိုက်မြေတွေ ပြိုကျတယ်။ ရွာနားအထိ ကမ်းပါးတွေပြိုလာနေပြီး တချို့ လုပ်စားမြေတွေ မရှိတော့ဘူး။ ဒီအတိုင်းဆက်လုပ်နေရင် နေစရာပျောက်ကုန်မယ်။ ဒါကို ထိထိရောက်ရောက် စစ်ဆေးအရေးယူပေးစေချင်တယ်”လို့ ပြောပါတယ်။
ဧရာဝတီမြစ်အတွင်းမှာ အခုလို မြစ်ကျောက်စရစ်ထုတ်ယူတာတွေ့ကြောင့် မကြာခဏ ကျေးရွာရှိ ပြည်သူတွေနဲ့ ကျောက်စုပ်မော်တော်တွေ ပြဿနာဖြစ်ပွားလေ့ရှိပါတယ်။
ကြံခင်းမြို့နယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဝင်း ကတော့ "ပြည်သူတွေ သောကများနေရတဲ့ ကိစ္စပါ။ အဓိကဖြစ်နေတာကတော့ လုပ်စားမြေတွေ ပြိုကျတယ်။ ကျေးရွာအနားအထိရောက်လားပြီး ကမ်းပြိုတာတွေ ဖြစ်နေတာပါ။ သူတို့က ကျေးရွာနားအထိ လာပြီး ကျောက်စရစ်ထုတ်ယူနေတော့ ပိုဆိုးတယ်။ ပြီးရင်ဒီဘက်က ပြည်သူတွေနဲ့ ကျောက်စုပ်မော်တော် ကြာလာရင် မလိုလားအပ်တဲ့ အမှုအခင်းတွေ ဖြစ်ပေါ်လာနိုင်တယ်။ အခု လက်ရှိ ကျနော်အနေနဲ့ ဒီဘက်ဧရာဝတီတိုင်းဒေသကြီးက နယ်လုံဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနဲ့ ဆိုင်ရာဌာနတွေ ပူးပေါင်းပြီး အမြန်ဆုံးရပ်တန့်ပေးနိုင်ဖို့ လုပ်ဆောင်မယ်လေ။ အခုလည်း ရဲတပ်ဖွဲ့ဝင်တွေ အကူအညီနဲ့ ကျနော်ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးနေပါတယ်"လို့ ပြောပါတယ်။
အင်္ဂပူမြို့နယ်အတွင်းမှာလည်း တရားမဝင်ကျောက်စရစ်ခိုးထုတ်လို့ အရေးယူတာတွေ လုပ်ဆောင်ထားပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာ မြစ်သဲ၊ မြစ်ကျောက်စရစ် ထုတ်လုပ်တာတွေကြောင့် နှစ်စဉ် မြစ်ကမ်းပါးပြိုကျတာတွေ ဖြစ်ပေါ်နေပါတယ်။
သတင်း- သန်းထိုက်မြင့်