Homeအနုပညာ
စိုင်းစိုင်း၊ မျိုးကျော့မြိုင်၊ ပန်းရောင်ခြယ်နှင့် အဆိုတော်များသီဆိုသည့် “ကမ္ဘာမြေသီချင်း” (ရုပ်သံ)
စိုင်းစိုင်း၊ မျိုးကျော့မြိုင်၊ ပန်းရောင်ခြယ်နှင့် အဆိုတော်များသီဆိုသည့် “ကမ္ဘာမြေသီချင်း” (ရုပ်သံ)
DVB
·
April 20, 2020
“ဒဏ်ရာတွေသာ အထပ်ထပ်နဲ့… ငါ့နှလုံးသားထဲမယ်… အမာရွတ်ဟောင်းများနဲ့ သာ ဆို့နင့်ကြေကွဲ… စိတ်ဓာတ်မကျပါနဲ့… အိုး… ငါ့ရဲ့ လက်ကိုတွဲ… အိပ်မက်ဆိုးက နိုး ရင်… မနက်ခင်းအလင်းတွေ ရှိမယ်”
ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ စိတ်ခွန်အားပေးသီချင်းတပုဒ်ဖြစ်ပြီး အွန်လိုင်းပရိသတ်တွေကြားမှာတော့ ရေပန်းစားနေတဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။
“ကမ္ဘာမြေသီချင်း”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ အဆိုတော် စိုင်းစိုင်း ခမ်းလှိုင်က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး သူနဲ့အတူ တခြားနာမည်ကြီး အဆိုတော်တွေ ဖြစ်ကြတဲ့ မျိုးကျော့မြိုင်၊ ဟန်ထွန်း၊ အဲလက်စ်၊ R ဇာနည်၊ ဖြိုးကြီး၊ ကိုအောင်၊ သအို၊ ဘန် နီဖြိုး၊ နေဝင်း၊ ဖြိုးလေး၊ G-Fatt၊ ဖြိုးပြည့်စုံ၊ အောင်ထက်၊ မောင်မောင်ပြည့်စုံ၊ ပန်းရောင် ခြယ်၊ Mary၊ ဂျူဝယ်လ်၊ Gabriel Phway၊ အမရာဘုဏ်းတို့က အားဖြည့်သီဆိုပေးထားကြတာ ဖြစ်ပါတယ်။
“ဘာမှ အားမငယ်နဲ့… အိုး… ရှေ့ဆက်လိုက်ပါ ကလေးရယ်… မင်းရဲ့ မျက်ရည် သုတ်လိုက်… မျှော်လင့်ချက်တွေ ရှိတယ်… အနာဂတ်နေ့တွေအတွက်… နင်… အားမ လျှော့လိုက်ပါနဲ့… နင့်ရဲ့ ဒုက္ခဟာ… ငါ့ရဲ့ ဒုက္ခပဲ”
လတ်တလောကာလဟာ ကမ္ဘာအနှံ့ ကပ်ရောဂါတခုလိုဖြစ်လာနေတဲ့ COVID-19 ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပြည်သူတွေအားလုံးဟာ လူစုလူဝေးတွေနဲ့ ပွဲလမ်းသဘင် အခမ်းအနားတွေကို ရှောင်ကြဉ်ကြရတဲ့ကာလဖြစ်နေတာမို့ အနုပညာရှင်တွေက တတ်စွမ်းသမျှ အနုပညာအားနဲ့ စိတ်ခွန်အားပေးမှုတွေကို အွန်လိုင်းပလက်ဖောင်းတွေ အသီးသီးကနေ မျှဝေနေကြတာပါ။
အနုပညာရှင် အသီးသီးရဲ့ သီဆိုမှုပုံရိပ်တွေပါဝင်တဲ့ ဒီသီချင်းရုပ်သံကိုတော့ လူ ငယ်ဒါရိုက်တာ အောင်မြတ်က ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။
“ဒီကမ္ဘာမြေရဲ့ သီချင်းသံများ ရှိမယ်… ဒီကမ္ဘာမြေအတွက် မေတ္တာတရားရှိမယ်… ဒီကမ္ဘာမြေကို လှပဖို့… လက်တွဲလိုက်ကြမယ်… ငါလေ အားတင်းထားတယ်… မင်း… အားတင်းထား… သူငယ်ချင်းရယ်”
ဒီသီချင်းရုပ်သံကို စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက် ပေါ်မှတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာ ဖြစ်ပြီး နာရီပိုင်းအတွင်း ဝင်ရောက်ကြည့် ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော် သွားခဲ့ပြီ ဖြစ်ပါတယ်။
“ဒီသီချင်းလေးက အခက်အခဲနဲ့ ကြုံဆုံနေရတဲ့ လူသားတိုင်းအတွက် ရည်ရွယ်ပါတယ်… သီချင်းထဲမှာ ပါဝင်တဲ့သူတွေ အကုန်လုံးက ချစ်ခြင်းမေတ္တာနဲ့ ပါဝင်ထားကြတာပါ… ကျနော်တို့ ဒီသီချင်းကို Music Platform အကုန်လုံးမှာ နားဆင်နိုင်မှာပါ… TV Channel တွေအကုန်လုံးကိုလည်း ထုတ်လွှင့်ခွင့်တောင်းပါမယ်… အဆိုတော် အများကြီး ကို video chat နဲ့ အသံပြာအောင် Key ချိန်ခဲ့ရတာတော့ တကယ့်အမှတ်တရပါပဲဗျာ… ဒီသီချင်းမှာပါဝင်တဲ့လူတိုင်းကို အထူးအရမ်း ကျေးဇူးတင်ပါတယ်… ကျနော်တို့ အား တင်းထားကြမယ်… ကျန်းမာကြပါစေ”
မြန်မာနိုင်ငံမှာတော့ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂ ယောက်ကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ ပထမဆုံးအတည်ပြုနိုင်ခဲ့ပြီးနောက် လက်ရှိအချိန်ထိ ကူးစက်ခံရသူ စုစုပေါင်း ၁၁၁ ယောက် ရှိခဲ့ပြီဖြစ်ကာ ၅ ယောက် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။