Home
မြန်မာသတင်း
မောင်တောမြောက်ပိုင်းတွင် အာဆာတိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံး
DVB
·
April 16, 2020
DVB
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်မြို့အနီးမှာ   ဧပြီ ၁၅ ရက် မနက်က အာဆာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားတယ်လို့ အောင်ဇူနယ်ခြားစောင့်စခန်း တာဝန်ရှိသူ တဦးကပြောပါတယ်။ သေဆုံးသူ ၂ ဦးမှာ အောင်ဇူနယ်ခြားစောင့်စခန်းက ဒုတပ်ကြပ်အောင်အောင်နဲ့ တပ်သား စည်သူအောင်တို့ဖြစ်ပြီး သူတို့ကိုင်ဆောင်တဲ့ BA 63 သေနတ် ၂ လက်ပါ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ အောင်ဇူနယ်ခြားစောင့်စခန်းမှ တာဝန်ရှိသူတဦးက "မနေ့က သူတို့ ၄ ဦးက ခမောင်းဆိပ်ကို အရပ်ဝတ်တွေနဲ့ ချောစာလာပို့တာ အနော်ဗလီအနီးမှာ အင်အား ၃၀ လောက်ရှိတဲ့ အာဆာအဖွဲ့နဲ့ ထိတွေပြီးတိုက်ပွဲဖြစ်ကြတော့ လူစုကွဲသွားကြတယ်။ အောင်ဇူစခန်းက စစ်ကူလိုက်ပြီးရှာကြတဲ့ အခါ သူတို့ အလောင်း ၂ လောင်း တွေ့တယ်။ သူတို့ကိုင်တဲ့ BA 63 သေနတ် ၂ ပါပျောက်နေတယ် ကျန် ၂ ဦးကိုတော့ သူတို့ကိုင်တဲ့ လက်နက်တွေနဲ့အတူပြန်တွေ့တယ်”လို့ ပြောပါတယ်။ တပ်သား စည်သူအောင်နဲ့ သက်ဖြိုးအောင်တို့ ၂ ဦးကိုတော့ သူတို့ ကိုင်ဆောင်တဲ့ BA 63 သေနတ်တွေနဲ့အတူ ရှာဖွေတွေ့ရှိကြောင်း သိရပါတယ်။ မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကလည်း "အောင်ဇူစခန်းက နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦး ခမောင်းဆိပ်ကို ဆိုက်ကယ်နဲ့အလာမှ ပျောက်ဆုံးနေတာ။ ပြန်ရှာတော့ နယ်ခြားစောင့် ၂ ဦးအလောင်းကိုတွေ့တယ်လို့ သိရတယ်။ တိုက်ခိုက်ခံရတာ ပေါ့ဗျာ။ အာဆာ အဖွဲဖြစ်ဖို့များတယ်။ လက်နက်တွေပါ ပါသွားမှာပေါ့"လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်ကလည်း ခမောင်းဆိပ်မြို့နဲ့ ၂ မိုင်ခန့်ဝေးကွာတဲ့ ဆင်သေပြင်ကျေးရွာ အနာဝါဗလီ အနီးတောဝက်သွားထောင်တဲ့ ဒေသခံတွေ အာဆာအကြမ်းဖက်အဖွဲ့ရဲ့ လက်လုပ်မိုင်းဆွဲတိုက်ခိုက်မှုကြောင့်  ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲကာ သူတို့စီးနင်းလာတဲ့ ဆိုင်ကယ်တွေပါ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ သတင်း- လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024