Home
မြန်မာသတင်း
ညောင်​​လေးပင်​တွင် COVID-19 ကာကွယ်တုံ့ပြန်ရေးနှင့် လုံခြုံရေးတိုးမြှင့်ဆောင်ရွက် 
DVB
·
April 16, 2020
93901617_2350402391919122_4282699868675244032_n
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ COVID-19 ရောဂါ အရေးပေါ် ကာကွယ်တုံ့ပြန်နိုင်ဖို့နဲ့ သင်္ကြန်ကာလမှုခင်း​တွေ ကျဆင်းစေဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။ COVID-19 ရောဂါအရေးပေါ်ကာကွယ်တုံ့ပြန်နိုင်ဖို့ ကျေးရွာတွေအထိဆင်းကာ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အသိပညာပေးဟောပြောတာ၊ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အလုပ်လက်မဲ့​တွေ များ​ပြားလာ​ပြီး ဝင်​ငွေ​​ခက်ခဲ​မှုတွေ ရှိ​နေတာ​​​ကြောင့် ခိုးဆိုးလုယက်မှု​တွေ မဖြစ်ပေါ်စေဖို့ မြို့နယ်အတွင်းက နယ်​မြေအလိုက်ရဲတပ်ဖွဲ့ဝင်​တွေ၊ ရာအိမ်မှူး ဆယ်အိမ်မှူး​တွေ အ​ပြင်၊ အရပ်ဘက်အဖွဲ့အစည်း​တွေနဲ့အတူ လှည့်ကင်း၊ ဝတ်ကင်း၊ ပတ်ကင်း၊ ရပ်ကင်းတွေကို ​နေ့ညမပျက်အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတာလို့ ညောင်လေးပင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းနိုင်က ပြောပါတယ်။ ဒါ့အပြင် သင်္ကြန်ကာလလူစုလူဝေးမဖြစ်ပေါ်စေဖို့၊ မူးယစ်ရမ်းကားမှုတွေ မဖြစ်ပေါ်စေဖို့၊ ရေ​ဆော့ကစားတာ​တွေ မ​ဖြစ်​ပေါ်​စေဖို့လည်း နယ်​မြေအလိုက် ရဲတပ်ဖွဲ့ဝင်တွေ ​ဖြန့်ကျက် ​စောင့်​ကြည့်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ "Faciality Quarantine စင်တာ​တွေမှာ စင်တာတခုကို ရဲတပ်ဖွဲ့ဝင်နှစ်​ယောက်​ နေ့ညမပျက် လုံခြုံရေး ချပေးထားတယ်။ COVID-19 အရေးပေါ်ကာကွယ်တုံ့​ပြန်နိုင်ဖို့ စင်တာတွေကို ညဘက်၊ ညဘက်တွေသွားရောက်ပြီး စင်တာရဲ့စည်ကမ်းတွေ မလိုက်နာတဲ့သူတွေ၊ စင်တာရဲ့ လိုအပ်ချက်တွေကို COVID-19 အရေးပေါ်ကော်မတီနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်နေပါတယ်” လို့ ရဲမှူး သိန်းနိုင်က ပြောပါတယ်။ ညောင်လေးပင်မြို့နယ်မှာ သင်္ကြန်ကာလ မူးယစ်ရမ်းကား ရေဆော့ကစားမှုတွေ ရှိနေပြီး ရဲတပ်ဖွဲ့တွေက လိုက်လံတားမြစ်တာ၊ ခံဝန်ကတိ ထိုးခိုင်းတာ၊ ဖမ်းဆီးအရေးယူတာတွေ ​ပြုလုပ်​နေပါတယ်။ သတင်း - နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024