နိုင်ငံတကာလေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံ ဝင်ရောက်ခွင့် ဧပြီ ၃၀ ထိ ထပ်ပိတ်
DVB
·
April 12, 2020
ကိုဗစ်-၁၉ ဖြစ်တာကို ထိန်းချုပ်ဖို့အတွက် မြန်မာနိုင်ငံကို နိုင်ငံတကာလေကြောင်းခရီးစဉ်တွေကို မြန်မာနိုင်ငံ ဝင်ရောက်ခွင့် လာမယ့် ဧပြီ ၃၀ ရက် ညသန်းခေါင်ထိ ပိတ်လိုက်ပါတယ်။
အစက ဧပြီ ၁၃ ရက် ညသန်းခေါင်ထိ ယာယီပိတ်ထားခဲ့တာဖြစ်ပြီး ထပ်ပြီး သက်တမ်းတိုးလိုက်တာပါ။
မြန်မာနိုင်ငံမှာ ဧပြီ ၁၀ ရက်ညအထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၂၈ ယောက် တွေ့ရတဲ့အထဲမှာ ရောဂါဖြစ်ပွားတဲ့နိုင်ငံငံတွေကနေ မြန်မာနိုင်ငံကို လေကြောင်းနဲ့ ဝင်ရောက်လာသူ ၁၆ ယောက်ရှိခဲ့ပါတယ်။
နောက်ထပ် ၉ ယောက်ကတော့ အဲဒီလူနာတွေနဲ့ အနီးကပ် ထိတွေ့ခဲ့သူတွေ ဖြစ်တာကြောင့် ရောဂါဖြစ်ပွားတာကို သုံးသပ်ရာမှာ ပြည်ပကနေ လေယာဉ်နဲ့ ဝင်ရောက်လာသူတွေနဲ့ သူတို့နဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေဆီက အဓိက ကူးစက်ပြန့်ပွားနေတာကို တွေ့ရတယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ဒါကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ နိုင်ငံတကာလေကြောင်းခရီးစဉ်တွေ မြန်မာနိုင်ငံ ဝင်ရောက်ခွင့်ကို လာမယ့် ဧပြီ ၃၀ ရက် ညသန်းခေါင်ထိ သက်တမ်းတိုးလိုက်တယ်လို့ ဆိုပါတယ်။
ထိုင်းနယ်စပ်ကနေ မြန်မာနိုင်ငံကို ပြန်ဝင်လာဖို့ စောင့်နေသူတွေကိုလည်း မူလက ဧပြီ ၁၅ အထိ စောင့်ဖို့ပန်ကြားထားပေမယ့် ခုတော့ ဧပြီ ၃၀ ရက်အထိ စောင့်ဆိုင်းကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ပြောထားပါတယ်။