Home
မြန်မာသတင်း
အမ်းမြို့နယ်က ဒဏ်ရာရ ရွာသား ၄ ဦး စစ်တွေဆေးရုံသို့ အရေးပေါ်ပို့ဆောင်ရန် လိုအပ်နေ
DVB
·
April 10, 2020
92354818_1561405060673742_2629191305720233984_n
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ  ဆင်ဦးတိုင်ကျေးရွာထဲကို လက်နက်ကြီးကျည်ကျရောက်ပြီး  ထိမှန် ဒဏ်ရာရသွားတဲ့ အရပ်သား လူနာတွေရဲ့ အခြေအနေဟာ စိုးရိမ်ရတဲ့အတွက် စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်ဖို့ လိုအပ်နေပါတယ်။ အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာအုပ်စု ဆင်ဦးတိုင်ကျေးရွာမှာ ဧပြီ ၈ ရက် ညနေက ရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရွာသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကမ်းထောင်းကြီးမြို့ ဆေးရုံမှာ ဆေးကုသမှုခံယူနေပေမဲ့ ဒဏ်ရာတွေဟာစိုးရိမ်ရတဲ့အတွက် စစ်တွေဆေးရုံကို ပို့ဆောင် ကုသဖို့လိုအပ်နေတာလို့ မြို့ခံ စေတနာရှင်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုရန်နိုင်စိုးက ပြောပါတယ်။ “ဆင်ဦးတိုက်ရွာက အမျိုးသား သုံးယောက်နဲ့ အမျိုးသမီးတစ်ယောက်ပါ။ လေးယောက်မှာ သုံးယောက်က စိုးရိမ်ရတယ်၊၊ မျက်စိထိထားတဲ့ လူနာလည်း စိုးရိမ်ရတယ်။ ခြေထောက်ထိထားတဲ့ လူနာကလည်း စိုးရိမ်နေရတယ်။ ဒဏ်ရာက ပြင်းတော့ စစ်တွေဆေးရုံတင်မယ့်ဟာကို ICRC  ကို အကူအညီတောင်းထားတယ်။ ဒါပေမယ့် ပြည်နယ်အစိုးရက ခွင့်မပြုတော့ အခုအချိန်ထိကို မပို့ရသေးဘူးဖြစ်နေတယ်” အဆိုပါဆင်ဦးတိုက်ကျေးရွာအနီးမှာ ဧပြီ ၈ ရက် ည ၇ နာရီကျော်လောက်က  ရွာထဲကိုလက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျေးရွာသားတွေ ပြင်းထန်ဒဏ်ရာရရှိသွားတာလို့ ဆင်ဦးတိုက်ကျေးရွာနေ ဦးစံထွန်းလှက ပြောပါတယ်။ “ရွာကလူတွေက ကိုယ့်အိမ်မှာကိုယ်နေနေကြတဲ့အချိန်မှာ မထင်မှတ်ပဲနဲ့ လက်နက်ကြီး ကျည်တစ်လုံး ကျလာတယ်။ လက်နက်ကြီးကျတဲ့အချိန်မှာ ကျောင်းသားတစ်ယောက် ထိသွားတယ်။ အသက်(၃၀) အရွယ် တစ်ယောက်ကိုထိသွားတယ်။  ငါးမိနစ်အကွာမှာ နောက်ထပ် ဆက်တိုက် ဆက်တိုက် ကျလာတယ်။ လက်နက်ကြီးတွေကျနေလို့ဆိုပြီးတော့ မိသားစုတစ်စုက အိမ်အောက်က ဗုန်းခိုကျင်းထဲကို ဝင်ပုန်းတဲ့အချိန်မှာ အိမ်နောက်ဖေးမီးဖိုချောင်ကိုကျလာတဲ့ လက်နက်ကြီးကျည်က ပေါက်ကွဲပြီး သူတို့ကိုလာစင်ပြီးတော့ သူတို့မိသားစုတွေထဲက အဖေနဲ့ အမေကို သွားထိတာပေါ့” အဆိုပါနေ့က တပ်မတော်နဲ့ အေအေတို့တိုက်ပွဲဖြစ်ပွားတာမရှိသလို တပ်မတော်အနေနဲ့ ပြည်သူတွေကိုထိခိုက် အောင်လုပ်ဆောင်တာလည်း မရှိဘူးလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ  ဗိုလ်ချုပ်ထွန်းထွန်းညီက ဒီဗွီဘီကို ပြောပါတယ်။ “မရှိဘူးနဲ့တူတယ်။ ကျနော်တို့ အမြဲတမ်းပြောနေတာရှိပါတယ်။ ဟိုဟာက အရပ်သားတွေကိုတော့ ဘာမှမလုပ်ပါဘူး”လို့  ပြောပါတယ်။ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဆင်ဦးတိုက်ကျေးရွာမှ မောင်နုဝေဟာ  ဘယ်ဘက်မျက်စိ ထိမှန်ခဲ့ကာ ကိုသောင်းရွှေကတော့ ဘယ်ဘက်ခြေခုံကိုထိမှန်ခဲ့ပါတယ်။ ရွာသား ဦးစံသိန်းထွန်းကတော့  ဦးခေါင်းနောက်စေ့ကို ထိမှန်ခဲ့ပြီး ဒေါ်လှလှနွယ်က ညဘက်နို့အုံကို ထိမှန် ဒဏ်ရာ အသီးသီးရရှိခဲ့ပြီး ကမ်းထောင်းကြီးမြို့ဆေးရုံမှာ ကုသမှုခံယူနေရပါတယ်။ သတင်း-နောင်နောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024