ပွင့်ဖြူမြို့နယ် အစိုးရထောက်ပံ့ရေးအစီအစဉ်တွင် အိမ်ထောင်စု ၃၀၀ ကျော်သာ ခွင့်ပြု
DVB
·
April 10, 2020
သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်တွေမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို အစိုးရရဲ့ ထောက်ပံ့ရေးအစီစဉ်မှာ မကွေးတိုင်း ပွင့်ဖြူမြို့နယ် ကုန်းဇောင်းရွာမှ အိမ်ထောင်စု ၁၀၀၀ စာရင်းတင်သွင်းခဲ့ရာမှာ ၃၀၀ ကျော်သာခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။
ကုန်းဇောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က "ကုန်းဇောင်းကျေးရွာရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၁၁၀၂ စု တင်သွင်းခဲ့ရာ တိုင်းဒေသကြီး အစိုးရက ၂၅ ရာခိုင်နှုန်းသာခွင့်ပြုမယ်ဆိုပြီး အိမ်ထောင်စု ၃၂၀ သာခွင့်ပြုပေးခဲ့တာပါ။ စာရင်းကွာဟနေတဲ့အတွက် ရွာခွဲတာဝန်ခံတွေစုပေါင်း လက်မှတ်ရေးထိုးပြီး နိုင်ငံတော်ကို ပြန်လည်လှူဒါန်းဖို့ ဆုံးဖြတ်ပေမယ့် လူမစုံတဲ့အတွက် စာမတင်ခဲ့ရပါဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြတော့ ကျေးရွာရှိ အမှန်တကယ် ဆင်းရဲနွမ်းပါးသူတွေကို စိစစ်ရွေးချယ်ပေးဖို့ ညွှန်ကြားပါတယ်။ ကျေးရွာမှာရှိတဲ့ အခြေခံပြည်သူ ၃၂၀ ဦးရဲ့ သဘောတူညီမှု ရယူပြီးမှသာ ရာအိမ်မှူး ရွာခွဲတာဝန်ခံအားလုံး လက်မှတ်ရေးထိုးလှူဒါန်းသွားမယ်" ဒီဗွီဘီကို ပြောပါတယ်။
ကုန်းဇောင်းရွာဒေသခံ ကိုဇော်ကြီးက "မြေပြင်အနေထားကို မလေ့လာဘဲ ကျေးရွာတွေကို ခွဲတန်းနဲ့ ချပေးတာဟာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်" လို့ ပြောပါတယ်။
ကုန်းဇောင်းကျေးရွာမှာ ရပ်ကွက် ၇ ခုရှိပြီး အိမ်ထောင်စု ၁၅၅၁ စု ရှိတယ်လို့ သိ ပါတယ်။
COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့အချိန် သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်တွေမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို အိမ်ထောင်စု ၁ စုကို ဆန် ၈ ပြည်၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန် ၁ ပိဿာ ထောက်ပံ့ပေးဖို့ နိုင်ငံတော်က ဧပြီလ ၆ ရက်နေ့က ထုတ်ပြန်ထားပြီး ဧပြီ ၁၀ ရက်နေ့ကစတင်ပြီး အခမဲ့ ဖြန့်ဖြူးပေးရမယ်လို့ သိရပါတယ်။
သတင်း-မင်းထီး