ညောင်လေးပင်မြို့တွင် အနှေးယာဉ် လုပ်သား ၃၅၀ ကျော်အတွက် စားနပ်ရိက္ခာ လှူဒါန်း
DVB
·
April 9, 2020
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ ဧပြီလ ၉ ရက် မနက်က အနှေးယာဉ်လုပ်သား ၃၅၀ ကျော်နဲ့ ခေါင်းရွက်ဗျက်ထိုး စျေးသည်တွေကို အခြေခံစားသောက်ကုန်တွေ လှူဒါန်းခဲ့ကြပါတယ်။
မြို့ပေါ်ကဆန်စက်လုပ်ငန်းရှင်တွေက လှူဒါန်းတဲ့ ဆန် ၆၈ အိတ်နဲ့ စေတနာရှင်မိသားစုတွေက လှူဒါန်းတဲ့ ဆန်၊ ဆီ၊ ဆားတွေအပြင်အလှူခံလို့ရရှိတဲ့ ငွေကျပ် ၄ သိန်းကျော်ကို ခွဲဝေလှူဒါန်းခဲ့တာဖြစ်ပါတယ်။
အနှေးယာဉ်လုပ်သားတစ်ဦးကို ဆန် ၄ ပြည်၊ ဆီ အစိတ်သား၊ ဆား ၅၀ ကျပ်သား၊ အချိုမှုန့် ၁၀ ကျပ်သား၊ ဆပ်ပြာတစ်တောင့်နဲ့ ငွေသား ၁၀၀၀ စီ လှူဒါန်းပေးခဲ့တာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသား ဦးဘိုတောက်က ပြောပါတယ်။
"ကမ္ဘာကပ်ဘေးကျရောက်နေတဲ့အချိန်မှာ အဓိက မိသားစုစားဝတ်နေရေး အခက်အခဲဖြစ်နေရတာက အခြေခံလုပ်သားတွေဖြစ်တယ်။ သူတို့မိသားစုအတွက် တစ်ရက်စာပဲ ဖြစ်ဖြစ် နှစ်ရက်စာပဲဖြစ်ဖြစ် အဆင်ပြေစေဖို့ ပြည်သူ့ထံမှ ပြည်သူ့ထံကို လက်ဆင့်ကမ်းပေးတာပါ"
ပြည်သူ့ထံမှ ပြည်သူ့ထံကို လက်ဆင့်ကမ်းပေး တာဖြစ်ပြီး အခြေခံကျတဲ့ စားသောက်ကုန်တွေ လှူဒါန်းပေးတဲ့အပြင် COVID-19 ရောဂါနဲ့ပတ်သက်ပြီ အသိပညာပေးတာတွေနဲ့ အနှေးယာဉ် လုပ်သားတဦးချင်းစီကို Mask တခုစီ တပ်ပေးခဲ့ပါတယ်။
အခြေခံကုန်စျေးနှုန်းတွေကြီးမြင့်နေသလို အလုပ်အကိုင် ရှားပါးပြီး မိသားစု စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေရတဲ့အချိန်မှာ ခုလိုလှူဒါန်းပေးတဲ့အတွက် ဝမ်းသာပျော်ရွှင်ရတယ်လို့ အနှေးယာဉ် လုပ်သားတွေက ပြောဆိုပါတယ်။
လူတွေအကြားမှာ နေ့စဉ် သွားလာ လှုပ်ရှားနေရတဲ့ ဘဝဖြစ်တာကြောင့် မိမိကိုယ်ကိုယ် ကာကွယ်ချင်ပေမယ့် စျေးဦးမပေါက်တဲ့ရက်မျိုးတွေရှိတာကြောင့် နှာခေါင်းစည်း Mask ဝယ်တပ်ဖို့တောင် ခက်အခဲဖြစ်နေရတယ်လို့လည်း အနှေးယာဉ်လုပ်သား တဦးက ပြောပါတယ်။
ပဲခူးတိုင်းဒေသကြီးအစိုးရက ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလုပ်သား မိသားစုတွေကို ကူညီထောက်ပံ့နိုင်ဖို့ညွှန်ကြားထားပြီ သက်ဆိုင်ရာမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးက အိမ်ထောင်စုစာရင်းတွေကို ကောက်ယူနေပါတယ်။
သတင်း၊ဓာတ်ပုံ - နေလင်းထိုက်