Home
မြန်မာသတင်း
ပုံမှန်ဝင်ငွေမရှိသူ မည်သူ့ကိုမဆို ထောက်ပံ့ပေးမည်ဟု ပျဉ်းမနားထွေအုပ်ပြော
နေဖြိုးဝင်း
·
April 8, 2020
91696667_3369901306358198_8404191146372235264_o
အစိုးရ ထုတ်ပြန်ချက်ပါ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားသတ်မှတ်ချက်နဲ့ ပတ်သက်လို့ တရားဝင်ညွှန်ကြားချက်မှာ မပါဝင်ကြောင်းနဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ ဘယ်သူ့ကိုမဆို စားနပ်ရိက္ခာ ထောက်ပံ့ပေးမယ်လို့ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး ဦးသိုက်ဝေဖြိုးက ပြောပါတယ်။ COVID-19 ကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး အရေးကြီးကာလဖြစ်တဲ့ သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်အတွင်းမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် အခြေခံစားကုန် ၅ မျိုး ထောက်ပံ့သွားမယ်လို့ COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဧပြီ ၆ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ပါ အခြေခံလူတန်းစားသတ်မှတ်ချက်နဲ့ ပတ်သက်ပြီး “အဲဒါကတော့ ကျနော်တို့ကို တရားဝင်ညွှန်ကြားချက်ထဲမှာ မပါပါဘူးခင်ဗျ” လို့  ဦးသိုက်ဝေဖြိုးက ပြောပါတယ်။ ပျဉ်းမနားမြို့ စုပေါင်းရုံးမှာ မနေ့ကပြုလုပ်တဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေရဲ့ အိမ်ထောင်စုစာရင်းကောက်ယူရေးအတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံပွဲအပြီးမှာ မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားခဲ့တာပါ။ ပုံမှန်ဝင်ငွေမရှိလူတန်းစားလို့ ဆိုတဲ့နေရာမှာ ကျုးကျော်နေထိုင်တာ၊ မှတ်ပုံတင်ရှိတာ မရှိတာတွေနဲ့ မဆိုင်ဘဲ ပုံမှန် ဝင်ငွေမရှိသူ ဘယ်သူ့ကိုမဆို ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး ဦးသိုက်ဝေဖြိုးက “အခုဟာက ပုံမှန်ဝင်ငွေမရှိတဲ့ သူတွေပဲ ကောက်မှာပါ။ ကျုးခြင်း မကျုးခြင်း၊ မှတ်ပုံတင် ရှိခြင်း၊ မရှိခြင်းတွေနဲ့ မဆိုင်ပါဘူး ခင်ဗျ။ အဓိကကတော့ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေပေါ့ မည်သူ့ကိုမဆို၊ မည်သည့် အိမ်ထောင်စုကိုမဆို ကောက်ပြီးတော့ စာရင်းတင်ပြမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။ အခုလို အခြေခံလူတန်းစားဆိုတဲ့ သတ်မှတ်ချက်နဲ့ပတ်သက်လို့ အငြင်းပွားမှုတွေမဖြစ်စေဖို့နဲ့ အဂတိတရားကင်းရှင်းဖို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ဆွေးနွေးပြီး ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ ထောက်ပံ့ပစ္စည်းတွေ ဝေငှတဲ့နေရာမှာလည်း လူအုပ်စုမဖြစ်အောင်လို့ အိမ်အရောက်လိုက်လံ ဝေငှသွားမယ်လို့ ဆိုပါတယ်။ ဝေငှတဲ့နေရာမှာ လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ရှိသူတွေ၊ ကြက် ခြေနီအဖွဲ့ဝင်တွေ၊ မြို့မိမြို့ဖတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ကြီးကြပ်သွားမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024