Homeမြန်မာသတင်း
မိုင်းလားမှ ပြန်လာသည့် ရွှေ့ပြောင်းလုပ်သား ၂၇၀ ခန့်ကို Quarantine ထားပြီးစောင့်ကြည့်မည်
မိုင်းလားမှ ပြန်လာသည့် ရွှေ့ပြောင်းလုပ်သား ၂၇၀ ခန့်ကို Quarantine ထားပြီးစောင့်ကြည့်မည်
DVB
·
April 7, 2020
ရှမ်းပြည်နယ်အရှေ့ပိုင်း ( အထူးဒေသ-၄) NDAA မိုင်းလား နယ်မြေထဲက အလုပ်သမား ၂၇၀ လောက်ဟာ မိုင်းယန်းမြို့အနီး ဝင်ရောက်လာတဲ့အတွက် သက်ဆိုင်ရာက ဟန့်တားပြီး ဆီလူးမြို့မှာ ၁၄ ရက် အသွားအလာကန့်သတ်စောင့်ကြည့် Ficility quarantine လုပ်ထားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယန်းမြို့အနီးရာဘာခြံကို ဧပြီ ၄ ရက်နဲ့ ၅ ရက်နေ့က လူအင်အား ရာချီရောက်ရှိလာတာကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆမ်အပါအဝင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေနဲ့ တပ်နယ်တာဝန်ရှိသူတွေ မိုင်းယန်းမြို့ကို ဖြတ်သန်းဝင်ရောက်ခြင်းမပြုဖို့ သွားရောက်တားဆီးခဲ့တာပါ။
မိုင်းယန်းမြို့မစခန်းမှူး ဒုရဲမှူးကိုကိုဇော်က "NDAA အထူးဒေသ ၄ မိုင်းလား နယ်မြေထဲက ဖရဲခြံ၊ ငှက်ပျောခြံလုပ်နေတဲ့ အလုပ်သမားတွေလို့ သိရတယ်။ လောလောဆယ် တဦးချင်း စာရင်းကောက်ယူနေပါတယ်”လို့ ပြောပါတယ်။
မိုင်းယန်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ တပ်နယ်မှူး၊ ဆရာဝန်ကြီးနဲ့ ရဲစခန်းမှူးတို့ ပါဝင်တဲ့ အဖွဲ့နဲ့ NDAA အထူးဒေသ ၄ မှ ဆက်ဆံရေးဌာနကြီးမှူး ဦးစိုင်းမောက် ဦးဆောင်တဲ့ အဖွဲ့တို့ ဧပြီလ ၆ ရက်မနက်မှာ တွေ့ဆုံဆွေးခဲ့ကြပြီး အလုပ်သမားတွေကို ဆီလူးမြို့မှာ ၁၄ ရက်ကြာ Ficility quarantine ဆောင်ရွက်ပြီးမှသာ နေရပ်ပြန်လည်စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
လတ်တလောအခြေအနေအရ စာရင်းကောက်ယူမှုတွေ မပြီးပြတ်သေးတာကြောင့် ဧပြီ ၆ ရက်ညမှာ အလုပ်သမားတွေကို ရောက်ရှိနေတဲ့ရာဘာခြံအတွင်းမှာပဲ ညအိပ်စေပြီး ဧပြီလ ၇ ရက်မှာ ဆီလူးမြို့ကို ပို့ဆောင်ပေးသွားမယ်လို့ သိရတယ်။
သတင်း-အောင်ဇေယျ