မိန်းကလေး နှစ်ယောက်ရဲ့ ဒိုင်ယာရီ
DVB
·
April 7, 2020
ဒီရက်တွေမှာ ကိုယ်တိုင် အိမ်တွင်းအောင်းနေရတော့ မိန်းကလေး နှစ်ယောက်ကို သတိရနေပါတယ်။ တယောက်က နယ်သာလန်နိုင်ငံက အန်းဖရန့် ဖြစ်ပြီး နောက်တယောက်ကတော့ ပါကစ္စတန်က မာလာလာ ဖြစ်ပါတယ်။ အန်းဖရန့်ဟာ စစ်ကြီးထဲမှာ အိမ်ထဲ ပုန်းအောင်နေရပြီး နေ့စဉ် ဒိုင်ယာရီ ရေးခဲ့ပါတယ်။ သူ့စာအုပ်ကို အမှောင်ထဲက မှတ်တမ်းအမည်နဲ့ မြန်မာဘာသာပြန်ရှိပြီး ဖြစ်ပါတယ်။
နောက်တယောက်ကတော့ ပါကစ္စတန်သူလေး မာလာလာ ဖြစ်ပါတယ်။ သူဟာလည်း ပါကစ္စတန်မှာ တာလီဘန်တွေ ကြီးစိုးတဲ့အချိန် လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေချိန်မှာ ပညာသင်ကြားခွင့် ငတ်မွတ်တဲ့ မိန်းကလေးငယ်တယောက်ရဲ့ ခံစားချက်ကို ဒိုင်ယာရီ ရေးခဲ့ပါတယ်။ မာလာလာဟာ သူ့ရဲ့အမည်ဝှက်နဲ့ရေးတဲ့ ဒိုင်ယာရီကြောင့် နာမည်ကြီးခဲ့ပြီး တာလီဘန်တွေက အငြိုးထား သတ်ဖြတ်ဖို့ ကြိုးစားခဲ့ပါတယ်။ သေလုမြောပါး ဒဏ်ရာရခဲ့ပါတယ်။
ဒီထူးခြားတဲ့ မိန်းကလေး နှစ်ယောက်ကြားမှာ ဘယ်လိုများ အဆက်အစပ်ရှိလဲလို့ သိချင်တာနဲ့ အင်တာနက် ခေါက်ကြည့်ပါတယ်။ တွေ့ပါတယ်။ ၂၀၁၄ မှာ မာလာလာဟာ နယ်သာလန်မှာ အန့်ဖရန့် အိမ်ရောက်တော့ ဒီလို ရေးထားပါတယ်။
ကျမဟာ အန်းဖရန့်အကြောင်းကို အသက် ၁၁ နှစ်မှာ ကြားဖူးပါတယ်။ ဒါနဲ့ပဲ အကြမ်းဖက်ဝါဒအောက်က ကျမဘဝကို နေ့စဉ်မှတ်တမ်းရေးခဲ့ပါတယ်။ မိန်းကလေးတွေကို ပညာသင်ကြားခွင့် ပိတ်ပင်ထားတဲ့ အကြောင်းတွေပေါ့။ အန်းဖရန့်ရဲ့ ဘဝဇာတ်ကြောင်းက ကျမကို လွှမ်းမိုးခဲ့ပြီး ကမ္ဘာကြီးပြောင်းလဲဖို့အတွက် တောင်းဆိုခဲ့ပါတယ်လို့ ရေးခဲ့တာ ဖတ်ရပါတယ်။
မာလာလာဟာ ၂၀၁၄ မှာပဲ အန်းဖရန့် သူရသတ္တိဆုကို ရရှိခဲ့ပါတယ်။ သူဟာ အသက်အငယ်ဆုံး နိုဘယ်ငြိမ်းချမ်းရေးဆုရှင်လည်း ဖြစ်ပါတယ်။ မာလာလာရယ်လို့ နာမည်မကျော်ခင် သူ ရေးခဲ့တဲ့ ဒိုင်ယာရီကို ၂၀၁၂ လောက်မှာ ကျနော် ဘာသာပြန်ခဲ့ဖူးပါတယ်။ ဘယ်လောက်အထိ ပြန်ခဲ့သလဲတော့ မသိပါဘူး။ ပြန်ရှာတော့ တစိတ်တပိုင်းတော့ ပြန်တွေ့ပါတယ်။
မာလာလာ ရေးတဲ့ ဒိုင်ယာရီ
၂၀၁၃ နိုဘယ်ငြိမ်းချမ်းရေးအတွက် ရေပန်းစားခဲ့တဲ့ ပါကစ္စတန် ကျောင်းသူ မာလာလာကို ၁၉၉၇ ခုနှစ်မှာ မွေးတယ်။ မာလာလာရဲ့မိခင်က သူတို့မျိုးဆက် ပါကစ္စတန် အမျိုးသမီးတွေလိုပဲ စာမတတ်ပါဘူး။ မာလာလာရဲ့ အဖေဘက်က အဘိုးက အစ္စလာမ် ဘာသာရေးဆရာ။ မာလာလာရဲ့ ဖခင်က ဇီယာအူဒင်ကတော့ ဘာသာတရားကိုင်းရှိုင်းသလို၊ ဖြောင့်မတ်ပြီး ပညာရေးအပေါ် နှစ်နှစ်ကာကာ ယုံကြည်တဲ့သူ။ ဆဝပ်တောင်ကြားဒေသမှာ ပုဂလိက ကျောင်းတကျောင်းကို ကြိုးစားပမ်းစား ထူထောင်ခဲ့တယ်။
၂၀၀၉ ခုနှစ်မှာ တာလီဘန်တွေက မိန်းကလေးတွေ ပညာသင်ကြားခွင့်ကို ပိတ်ပင်ခဲ့တဲ့အချိန်မှာ မာလာလာက ခုနစ်တန်းကျောင်းသူ။ တာလီဘန်တွေက ဆဝပ်တောင်ကြားဒေသမှာ မိန်းကလေးကျောင်း ရာနဲ့ချီပြီး ဖျက်ဆီးပစ်ခဲ့တယ်။ တာလီဘန် လက်အောက်က နေ့စဉ်ဘဝတွေအ ကြောင်းကို ဘီဘီစီ ဥရဒူအွန်လို်င်းမှာ မာလာလာက ဒိုင်ယာရီ ရေးတယ်။ အဲဒီ ထူးခြားတဲ့ ဒိုင်ယာရီကြောင့်ပဲ မာလာလာဟာ ထင်ရှားလာပြီး တာလီဘန်တွေက အသက်ကို လုပ်ကြံတဲ့အထိ ဖြစ်ခဲ့တယ်။ အသက် ၁၁ နှစ်အရွယ်မှာ ရူပဗေဒပညာရှင် စတီဗင်ဟော့ကင်း ရေးတဲ့ အချိန်ရဲ့ သမိုင်း အကျဉ်းချုပ်ကို ဖတ်ခဲ့သလို၊ အကြမ်းဖက်ဝါဒအကြောင်း၊ ပညာရေး အရေးကြီးတဲ့ အကြောင်း၊ ပါကစ္စတန်-အိန္ဒိယ ဆက်ဆံရေးအကြောင်း ပြောနေတဲ့ မာလာလာရဲ့ အရွယ်နဲ့မမျှတဲ့ အတွေးအခေါ်နဲ့ အရေးအသားတွေကို ခံစားနိုင်ဖို့ “မာလာလာ ရေးတဲ့ ဒိုင်ယာရီ” အဖြစ် ဘာသာပြန် ဖော်ပြလိုက်ပါတယ်။
ဇန်နဝါရီလ ၃ ရက်၊ စနေနေ့ ။ “ကျမ ကြောက်နေတယ်”
မနေ့က အိပ်မက်ဆိုးတွေ မက်တယ်။ အိပ်မက်ထဲမှာ စစ်ရဟတ်ယာဉ်တွေနဲ့ တာလီဘန်တွေကို တွေ့တယ်။ ဆဝပ်တောင်ကြားဒေသမှာ စစ်ဆင်ရေးတွေ စကတည်းက ဒီလိုပဲ အိပ်မက်ဆိုးတွေ ခဏခဏ မက်တယ်။ မေမေက ကျမအတွက် မနက်စာ ပြင်ပေးတယ်၊ ပြီးတော့ ကျောင်းကို သွားတယ်။ ကျောင်းသွားရတာ ကြောက်နေတယ်။ တာလီဘန်တွေက မိန်းကလေးတွေကို ကျောင်းမသွားရဘူးလို့ အမိန့်ထုတ်ထားတယ်လေ။
ကျောင်းသူ ၂၇ ယောက်ရှိတဲ့အထဲက ၁၁ ယောက်ပဲ ကျောင်းကို ရောက်လာတယ်။ တာလီဘန်တွေ အမိန့်ထုတ်ပြီးကတည်းက ကျောင်းမတက်တဲ့လူတွေ များလာတယ်။ ဖေဖေ့မိတ်ဆွေတွေဆိုရင် အဲဒီအမိန့်ထုတ်ပြီးကတည်းက ပါရှဝါ၊ လာဟို၊ ရာဝယ်ပင်ဒီမြို့တွေဆီကို သူတို့ မိသားစုနဲ့အတူ ပြောင်းကုန်ကြပြီ၊
ကျောင်းသွားတဲ့လမ်းမှာ လူကြီးတယောက်က “နင့်ကို သတ်ပစ်မယ်” လို့ ပြောတဲ့ အသံကို ကြားတယ်။ ဣန္ဒြေမပျက် ဆက်လျှောက်ပြီး တအောင့်လောက်ကြာတော့မှ လှည့်ကြည့်လိုက်တယ်။ ကျမနောက်ကို လိုက်များလာသလားလို့။ ဖုန်းပြောနေတာကို တွေ့တော့ စိတ်သက်သာရာရသွားတယ်။ ဖုန်းထဲကနေ တယောက်ယောက်ကို ခြိမ်းခြောက်နေတာပဲ ဖြစ်မှာ။
ဇန်နဝါရီလ ၄ ရက်၊ တနင်္ဂနွေနေ့။ “ကျောင်းသွားရတော့မယ်”
ဒီနေ့ ကျောင်းပိတ်ရက်ဆိုတော့ ၁၀ နာရီလောက်မှ အိပ်ရာကနေ ထတယ်။ အစိမ်းရောင် အဝိုင်း (Green Chowk) မှာ လူသုံးယောက် သေဆုံးနေတဲ့ အကြောင်းကို ဖေဖေ ပြောနေတယ်။ ကြားရတဲ့ သတင်းက ဆိုးလိုက်တာ။ စစ်ဆင်ရေးတွေ မစခင်တုန်းက တနင်္ဂနွေဆိုရင် ကျမတို့ အားလုံး မာဂါဇာ၊ ဖီဇာဂတ်၊ ကန်ဂျူးတို့ကို အပျော်ခရီးထွက်ကြတယ်။ အခုတော့ ဒီလို အခြေအနေကြောင့် အပျော်ခရီးမထွက်ရတာတောင် တနှစ်ခွဲလောက် ရှိနေပြီ။
အရင်တုန်းက ညစာစားပြီးရင်လည်း လမ်းလျှောက်ထွက်လေ့ရှိတယ်။ အခုတော့ နေဝင်ချိန်အထိ အိမ်မှာပဲ နေကြတယ်။ ဒီနေ့ အိမ်မှာ အိမ်မှုဝေယျာဝစ္စတွေ လုပ်တယ်။ အိမ်စာတွေ လုပ်တယ်။ မောင်လေးတွေနဲ့ ကစားတယ်။ ဒါပေမဲ့ ကျမစိတ်တွေ လှုပ်ရှားနေတယ်၊ မနက်ဖြန် ကျောင်းတက်ရမယ်လေ။
ဇန်နဝါရီလ ၅ ရက်၊ တနင်္လာနေ့။ “ရောင်စုံ အဝတ်အစားတွေ မဝတ်နဲ့တဲ့”
ကျောင်းသွားခါနီး၊ ကျောင်းဝတ်စုံ ဝတ်ခါနီးမှာ ကျောင်းအုပ်ကြီးက ကျောင်းဝတ်စုံ မဝတ်ဖို့ မှာထားတာကို သတိရသွားတယ်။ ကျောင်းကို ရိုးရိုးအဝတ်အစားနဲ့ပဲ လာဖို့ မှာထားတာလေ။ ဒါကြောင့် ကျမ အကြိုက်ဆုံး ပန်းရောင်ဝတ်စုံကို ဝတ်သွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ တခြား ကျောင်းသူတွေကလည်း ရောင်စုံ အဝတ်အစားတွေနဲ့ လာကြတော့ ကျောင်းက အိမ်နဲ့တောင် တူနေသေးတယ်။
သူငယ်ချင်းတယောက်က ကျမဆီကို လာပြီး “ဘုရားသခင်ရဲ့ အလိုတော်အရ ငါ့ကို အမှန်အတိုင်း ဖြေနော်။ တို့ကျောင်းကို တာလီဘန်တွေက တိုက်ခိုက်တော့မယ်ဆိုတာ ဟုတ်သလား” တဲ့။ မနက်ပိုင်း အားလုံးဆုံကြတဲ့ အချိန်မှာ ကျမတို့အားလုံးကို တောက်တောက်ပြောင်ပြောင်တွေ မဝတ်ကြနဲ့လို့ မှာတယ်။ တာလီဘန်တွေ မကြိုက်တာ မဝတ်နဲ့တဲ့လေ။
ကျောင်းကနေ ပြန်ရောက်ပြီး နေ့လယ်စာစားပြီးတော့ ကျူရှင်ကို သွားရတယ်။ ညနေပိုင်းမှာ တီဗွီဖွင့်ကြည့်တော့ ရှာကာဒြာမြို့မှာ ၁၅ ရက်လုံးလုံး ညမထွက်ရ အမိန့်ထုတ်ထားတာကို ပြန်ရုပ်သိမ်းလိုက်ပြီဆိုတဲ့ သတင်းကို ကြည့်ရတယ်။
အဲဒီသတင်းကြည့်ရတော့ ပျော်လိုက်တာ။ ကျမတို့ အင်္ဂလိပ်စာဆရာမက အဲဒီဘက်မှာ နေတာလေ။ ဒီအတိုင်းဆိုရင် ဆရာမလည်း ကျောင်းကို ပြန်လာလို့ ရတော့မှာပေါ့။
ဇန်နဝါရီလ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။ “သေနတ်သံနဲ့ အကြောက်တရားလည်း မရှိတဲ့နေရာ”
မူဟာရမ် အားလပ်ရက်မှာ ဘူနီယာ မြို့ကို သွားကြတယ်။ ဘူနီယာမြို့ကလေးက တောင်တန်းတွေ၊ စိမ်းစိမ်းစိုစို ကွင်းပြင်ကျယ်တွေနဲ့ ချစ်စရာကောင်းလိုက်တာ။ တကယ်တော့ ကျမတို့ နေတဲ့ ဆဝပ် ဒေသကလည်း ချစ်စရာကောင်းတာပါပဲ။ ဒါပေမဲ့ ငြိမ်းချမ်းရေး မရှိဘူးလေ။ ဘူနီယာမြို့မှာတော့ ငြိမ်းချမ်းတယ်။ တည်ငြိမ်တယ်။ သေနတ်သံတွေလည်း မကြားရတော့ အကြောက်တရားလည်း ကင်းတာပေါ့။ ကျမတို့ အားလုံး ပျော်နေကြတယ်။
ဒီနေ့ ပါဘာဘာပြတိုက်ဆီကိုလည်း သွားကြည့်ကြတယ်။ လူတွေ အများကြီးပဲ။ ပြပွဲတခုကို လာကြရင်းနဲ့ ဘုရားရှိခိုး ဆုတောင်းနေကြတယ်။ လက်ကောက်တွေ၊ နားဆွဲတွေ၊ လော့ကတ်တွေ၊ လက်ဝတ်လက်စားတွေ ရောင်းတဲ့ဆိုင်တွေကိုလည်း တွေ့တယ်။ တခုခု ဝယ်ဖို့ စိတ်ကူးရှိပေမယ့် ကြိုက်တာမတွေ့လို့ မဝယ်ဖြစ်ပါဘူး။ မေမေကတော့ နားကွင်းနဲ့ လက်ကောက်တွေ ဝယ်ခဲ့တယ်။
ဇန်နဝါရီလ ၉ ရက်၊ သောကြာနေ့။ “ မူလာနာ ခွင့်ယူထားတယ်တဲ့”
ဘူနီယာမြို့ကို သွားခဲ့တဲ့အကြောင်းလေး ကျောင်းမှာ သူငယ်ချင်းတွေကို ပြောပြဖြစ်တယ်။ ဘူနီယာ ဇာတ်လမ်းကို သူငယ်ချင်းတွေက စိတ်ပျက်လို့တဲ့။ မူလာနာဆာဒူရန် သေသွားပြီဆိုတဲ့ ကောလာဟလကိုပဲ ပြောနေကြတယ်။ မူလာနာအက်ဖ်အမ် ရေဒီယိုမှာ မိန့်ခွန်းပြောနေကျလေ။ မိန်းကလေးတွေကို ပညာသင်ကြားခွင့်ကို ပိတ်လိုက်တယ်ဆိုပြီး ကြေညာတဲ့လူပေါ့။
တချို့ကျောင်းသူတွေကတော့ သူ သေသွားပြီလို့ ပြောနေကြတယ်။ တချို့က လက်မခံပါဘူး။ ပြီးခဲ့တဲ့ ညတုန်းက အက်ဖ်အမ် ရေဒီယိုမှာ မူလာနာရဲ့ မိန့်ခွန်းကို မကြားရတော့ သူ သေသွားတာလားဆိုတဲ့ ကောလဟလတွေ ဖြစ်နေတာပါ။ ကျောင်းသူတယောက် ပြောတာကတော့ သူ ခွင့်ယူနေတာပါတဲ့။
သောကြာနေ့မှာ ကျူရှင်လည်း မရှိတော့ တနေ့လည်လုံး ကစားပစ်လိုက်တယ်။ ညနေပိုင်းမှာ တီဗွီကို ဖွင့်ကြည့်လိုက်တော့ လာဟိုးမြို့မှာ ဗုံးပေါက်တဲ့ သတင်းကို ကြည့်ရတယ်။ ပါကစ္စတန်မှာ ဘာဖြစ်လို့ ဒီလောက် ဗုံးတွေ ကွဲနေတာလဲလို့ ကိုယ့်ဘာသာ မေးနေမိတယ်။
ဇန်နဝါရီ ၁၄၊ ဗုဒ္ဓဟူးနေ့ ( ကျောင်းပြန်တက်ရဖို့ မသေချာတဲ့နေ့)
ကျောင်းသွားရတာ စိတ်မပါတော့ဘူး။ မနက်ဖြန်ဆိုရင် ဆောင်းတွင်းကျောင်းပိတ်ရက်က စတော့မှာလေ။ ကျောင်းအုပ်ကြီးက ကျောင်းပိတ်မယ် ဆိုတာကိုတော့ ပြောတယ်။ ဘယ်တော့ ကျောင်းပြန်ဖွင့်မလဲ ဆိုတာကိုတော့ မပြောဘူး။ အရင်တုန်းက ဒါမျိုးမဟုတ်ပါဘူး။
အရင်တုန်းကဆိုရင် ဘယ်တော့ ကျောင်းပြန်ဖွင့်မလဲဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးပါတယ်။ ကျောင်းပြန်ဖွင့်မယ့်ရက်ကို ဘာလို့ မကြေညာနိုင်တာလဲ ဆိုတာကိုလည်း ကျောင်းအုပ်ကြီးက အသိမပေးပါဘူး။ ကျမ ထင်တာကတော့ တာလီဘန်တွေက ဇန်နဝါရီလ ၁၅ ရက်နေ့ကစလို့ မိန်းကလေးတွေ ကျောင်းမတက်ရတော့ဘူးလို့ အမိန့်ထုတ်ထားတာနဲ့ ဆိုင်မှာပါ။
ဒီလိုဖြစ်နေတော့ ကျောင်းသူတွေကလည်း ကျောင်းပိတ်လို့ မပျော်နိုင်ကြပါဘူး။ တာလီဘန်တွေ ထုတ်ထားတဲ့ အမိန့်အတိုင်းဆိုရင် ကျောင်းပြန်တက်ရဖို့ မရှိတော့ဘူးလေ။ တချို့ ကျောင်းသူတွေကတော့ ဖေဖော်ဝါရီလကျရင် ကျောင်းတွေ ပြန်ဖွင့်မှာပဲလို့ မျှော်လင့်နေကြတယ်။ တချို့ကျောင်းသူတွေက သူတို့ မိဘတွေ ဆဝပ်တောင်ကြားဒေသကနေ ပြောင်းဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောကြတယ်။ သူတို့ ပညာရေးအတွက် မြို့ပေါ်ကို တက်ကြတော့မယ်တဲ့။
ဒီနေ့က ကျောင်းတက်ရမယ့် နောက်ဆုံးနေ့ဆိုတော့ ကစားကွင်းထဲမှာ အကြာကြီး အတူကစားကြဖို့ ဆုံးဖြတ်ထားကြတယ်။ တနေ့တော့ ကျောင်းပြန်ဖွင့်မှာပါပဲဆိုတဲ့ မျှော်လင့်ချက်ထားပေမယ့် ကျောင်းကနေ ခွဲရတော့မယ့်အချိန်မှာ ကျောင်းဆီကို နောက် ဘယ်တော့မှ ပြန်မရောက်တော့မှာလိုမျိုး ကျောင်းကြီးကို ငေးကြည့်နေမိတယ်။
ဇန်နဝါရီ ၁၅၊ ကြာသပတေးနေ့ (အမြောက်သံတွေနဲ့ ဆူညံနေတဲ့ည)
တညလုံး အမြောက်ပေါက်ကွဲသံတွေနဲ့ ဆူညံနေလို့ အိမ်နေရာကနေ သုံးခါ လန့်နိုးခဲ့ရတယ်။ ကျောင်းပိတ်ထားလို့ မနက် ၁၀ နာရီကျော်မှ အိပ်ရာထခဲ့တယ်။ သူငယ်ချင်းတွေ ရောက်လာတော့ အိမ်စာတွေအကြောင်း ဆွေးနွေးကြတယ်။
ဒီနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့လေ။ တာလီဘန်တွေ ထုတ်ပြန်ထားတဲ့ အမိန့်ပြန်တမ်း အသက်မဝင်ခင် နောက်ဆုံးတရက်ပေါ့၊ ဒါပေမဲ့ ကျမ သူငယ်ချင်းတွေကတော့ ဘာဆိုဘာမှ မဖြစ်သလိုဘဲ ပြောဆိုဆွေးနွေးနေလိုက်ကြတာ။
ဒီနေ့မှာပဲ ဘီဘီစီ (အူရဒူပိုင်း) အတွက် ကျမ ရေးခဲ့တဲ့ ဒိုင်ယာရီကို ဖတ်ရတယ်။ သတင်းစာမှာလည်း ပါတယ်လေ။ ကျမရဲ့ ကလောင်နာမည် “ဂူးလ်မာခိုင်” ဆိုတာကို မေမေက အရမ်းသဘောကျနေတာ။ မေမေက သူ့နာမည်ကိုတောင် “ဂူးလ်မာခိုင်” လို့ ပြောင်းလိုက်ရင် ကောင်းမလားလို့ ဖေဖေ့ကို ပြောလိုက်သေးတယ်။ ကျမလည်း ဒီကလောင်နာမည်ကို ကြိုက်ပါတယ်၊ ကျမရဲ့ နာမည်အရင်းက ပူဆွေးသောကလို့ အဓိပ္ပာယ်ထွက်တယ် မဟုတ်လား။
လွန်ခဲ့တဲ့ ရက်တချို့က လူတစ်ယောက်က ကျမရေးထားတဲ့ ဒိုင်ယာရီကို ပရင့်ထုတ်ပြီးတော့ ဖေဖေ့ဆီကို ယူလာပြတယ်လို့ ဖေဖေက ပြောပြတယ်။ အရမ်းကောင်းတာပဲလို့လည်း ချီးကျူးတယ်တဲ့။ ဖေဖေကတော့ သူ့သမီးရေးတာပါဆိုတာကို ပြောလို့ မဖြစ်ပေမယ့် ပီတိတွေဖြာပြီး ပြုံးနေတာပေါ့တဲ့။
(ဒီအချိန် ဘာစာအုပ် ဖတ်ရင် ကောင်းမလဲလို့ စဉ်းစားနေရင် အန်းဖရန့်ရဲ့စာအုပ်နဲ့ မာလာလာရဲ့ စာအုပ်ကို ဖတ်ရင် အရသာတွေ့မှာပါ၊ နှစ်အုပ်စလုံး မြန်မာပြန် ရှိပြီးဖြစ်ပါတယ်။ )
နေသွင်ညိဏ်း