ပလက်ဝမြို့အနီး တိုက်ပွဲပြင်းထန်၊ ဒေသခံများစိုးရိမ်
DVB
·
April 7, 2020
ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်နဲ့ ၂ဖာလုံလောက်သာဝေးတဲ့ တောင်ကုန်းမှာ တပ်မတော်နဲ့ အေအေတို့အကြား ဒီနေ့မနက်အစောပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တစ်ဖက်နဲ့ တစ်ဖက်ပစ်ခတ်နေကြတာဖြစ်ပြီး လူနေရပ်ကွက်ဘက် လက်နက်ကျည်ကျမှာ စိုးရိမ်တယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးဘူတန်ပိုင်က ဒီဗွီဘီကို ပြောပါတယ်။
“သေနတ်နဲ့ လှမ်းပစ်ရင်တောင်ရတဲ့ အကွာအဝေးလောက်မှာဖြစ်နေတာ။ လှမ်းကြည့်ရင်တောင်မြင်ရတယ်”လို့ ဦးဘူတန်ပိုင်က ပြောပါတယ်။
တိုက်ပွဲကြောင့် ဒေသခံတွေအနေနဲ့ အသွားအလာမလုပ်ရဲဘဲ စျေးလည်းပိတ်ထားတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲက မနက် ၈နာရီလောက်က စတင်ဖြစ်ပွားနေတာဖြစ်ပြီး ဒီဗွီဘီက ဆက်သွယ်မေးမြန်းတဲ့ မနက် ၁၁ နာရီကျော်အချိန်ထိ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ တပ်မတော်ဘက်ကို ဆက်သွယ်ပေမယ့်လည်း ဆက်သွယ်လို့ မရသေးပါဘူး။ အေအေအဖွဲ့ကို ဆက်သွယ်တဲ့ သတင်းရေးသားတဲ့ သတင်းသမားတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ ဖမ်းဆီးတရားစွဲဆိုနေတာကြောင့် ဆက်သွယ်မေးမြန်းဖို့ အခက်အခဲရှိနေပါတယ်။
သတင်း- ထက်ဝေအောင်