Homeမြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဖေ့စ်ဘွတ်ခ်အကောင့်နှင့် ပတ်သက်၍ ရုံးစာအတုဖြန့်သူကို အရေးယူမည်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဖေ့စ်ဘွတ်ခ်အကောင့်နှင့် ပတ်သက်၍ ရုံးစာအတုဖြန့်သူကို အရေးယူမည်
DVB
·
April 7, 2020
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်နဲ့ ပတ်သက်တဲ့ ရုံးစာအတုဖြန့်ဝေတဲ့သူတွေကို အရေးယူတော့မယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အသုံးပြုတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကို မသမာသူတွေက လိုက်လံ နှောင့်ယှက်နေတယ်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ပြည်ထဲရေး ဒုဝန်ကြီးဆီ ပေးပို့တဲ့ ထိပ်တန်းလျှို့ဝှက်စာ တစောင်အွန်လိုင်းမှာ ပျံ့နှံနေတာနဲ့ ပတ်သက်ပြီး သမ္မတအိမ်တော် သတင်းထောက်တွေရဲ့ မေးမြန်းချက်အပေါ် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြန်လည် ဖြေကြားထားတာဖြစ်ပါတယ်။
ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကိုယ်စား ညွှန်ချုပ် ကျော်ထွန်းသက် လက်မှတ်ရေးထိုးထားတဲ့ ရုံးစာမှာ အတု ဖြစ်တဲ့အကြောင်းနဲ့ အစောဆုံး လွှင့်တင် ဖြန့်ချီတဲ့ ဖေ့စ်ဘွတ်ခ် အကောင့်နဲ့ စာမျက်နှာတွေကို ရှာဖွေ စိစစ်နေပြီး ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်မယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
ယင်းစာအတုကို အစောဆုံးဖော်ပြလာတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ ဖေ့စ်ဘွတ်ခ် group တွေကိုလိုက်လံစိစစ်ရာ နိုင်ငံရေးပါတီကြီး တစ်ခုနဲ့ အဖွဲ့အစည်းတစ်ခုတို့ရဲ့ လုပ်ဆောင်ချက်သတင်းတွေကို အသားပေးဖော်ပြထားတဲ့ လူမှုကွန်ရက်တွေဖြစ်တာကို စိတ်မကောင်းဖွယ်ရာ တွေ့ရှိရတယ်လို့လည်း ပြောပါတယ်။
COVID-19 ကပ်ရောဂါဘေးကို ကမ္ဘာနဲ့တဝန်း ရင်ဆိုင်နေရချိန်မှာ အခုလို နိုင်ငံရေး အောက်လုံးတွေနဲ့ ရုံးစာအတုတွေ ဖန်တီး ဆောင်ရွက်နေတာဟာ ပြည်သူကို မျက်နှာမူတဲ့ နိုင်ငံရေးပါတီတွေ အဖွဲ့အစည်းတွေအတွက် လုံးဝ မပြုသင့်တဲ့ လုပ်ဆောင်ချက်လို့ ထင်မြင်ယူဆပြီး နိုင်ငံရေး အောက်တန်းကျတဲ့ လုပ်ရပ်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ COVID-19 ကပ်ရောဂါ စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ ပြည်သူတွေနဲ့ မြန်မြန်ဆန်ဆန်ထိထိရောက်ရောက်ဆက်သွယ်နိုင်ဖို့ ရည်ရွယ်ကာ မတ်လ ၃၁ ရက်က ဖေ့စ်ဘွတ်ခ်အကောင့်စတင်ဖွင့်လှစ် အသုံးပြုနေတာဖြစ်ပြီး သီတင်းတပတ်အတွင်း သူ့ရဲ့ အကောင့်မှာ Follower တသန်းခွဲကျော်ရှိနေပြီဖြစ်ပါတယ်။