Air KBZ လေကြောင်းလိုင်း ပြည်တွင်းခရီးစဉ်များ ယာယီရပ်ဆိုင်း
DVB
·
April 6, 2020
COVID-19 ရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ်ဖို့တွက် Air KBZ လေကြောင်းလိုင်း အနေနဲ့ လက်ရှိပျံသန်းပြေးဆွဲနေတဲ့ ပြည်တွင်းခရီးစဉ်တွေကို ဧပြီ ၁၁ ရက်ကနေ ဧပြီ ၁၈ ရက်အထိ ပျံသန်းပြေးဆွဲတာတွေ ခေတ္တရပ်ဆိုင်းထားမယ်လို့ ကြေညာပါတယ်။
လက်မှတ်ဝယ်ယူထားတဲ့ ခရီးသည်တွေအနေနဲ့ ရက်ပြောင်းတာ ဒါမှမဟုတ် ငွေပြန်ယူတာ ရွေးချယ်စရာ ၂ ခုထဲက တခု ပြုလုပ်နိုင်တဲ့ အကြောင်းလည်း လေကြောင်းလိုင်းက အသိပေးထုတ်ပြန်ထားပါတယ်။
ပထမ ရွေးချယ်စရာတခုကတော့ ဧပြီလ ၁၁ ရက်ရဲ့ အစောပိုင်းရက် ဒါမှမဟုတ် ဧပြီလ ၁၈ ရက်ရဲ့ နောက်ပိုင်းရက်တွေကို ထိုင်ခုံနေရာရရှိတဲ့အပေါ်မူတည်ပြီး အခမဲ့တစ်ကြိမ် ရက်အပြောင်းအလဲပြုလုပ်ပေးမယ်လို့ ဆိုပါတယ်။
နောက်ထပ်ရွေးချယ်စရာတခုကတော့ ခရီးသည် လက်မှတ်ဝယ်ယူတုန်းက လေကြောင်းလိုင်းက လက်ခံရရှိထားတဲ့ တန်ဖိုးငွေအတိုင်း ငွေအပြည့်ပြန်အမ်းပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အွန်လိုင်းနဲ့ အရောင်းကိုယ်စားလှယ်တွေကတဆင့် လက်မှတ်ဝယ်ယူထားတဲ့ ခရီးသည်တွေ အနေနဲ့ ရက်အပြောင်းအလဲပြုလုပ်တာနဲ့ ပြန်အမ်းငွေလျှောက်ထားတာတွေကိုတော့ သက်ဆိုင်ရာအရောင်းကိုယ်စားလှယ်တွေကတဆင့် လျှောက်ထားနိုင်တယ်လို့လည် သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ကာကွယ်ဖို့ မြန်မာပြည်တွင်း လေဆိပ်ရှိတဲ့ မြို့တွေ အတော်များများမှာ ခရီးသွားလာမှုတွေကို ယာယီကန့်သတ်ပိတ်ပင်ထားပါတယ်။