Home
ရုပ်သံ
အိမ်တွင်းပုန်းသင်္ကြန်(သို့)ကရုဏာသက်ဖွယ် ‘သမီးမသိတဲ့သင်္ကြန်’ ဇာတ်လမ်းတို(ရုပ်သံ)
DVB
·
April 6, 2020
Untitled-1
       သင်္ကြန်ပွဲတော်ဟာ မြန်မာလူမျိုးတွေအတွက် နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက် ဆင်နွှဲလေ့ရှိကြတဲ့ ပွဲတော်တခုဖြစ်ပေမယ့် အခုနှစ်ကတော့ COVID-19 ကပ်ရောဂါအန္တရာယ်ကြောင့် အိမ်တွင်းမှာပဲ ဆင်နွှဲကြရတော့မှာပါ။        လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၂၁ ယောက်ရှိနေပြီဖြစ်ကာ သေဆုံးလူနာ ၁ ယောက်ရှိပြီ ဖြစ်ပါတယ်။        သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေကလည်း တကိုယ်ရေသန့်ရှင်းမှုကို အလေးထား ဂရုစိုက်ကြဖို့၊ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေကို ရှောင်ကြဉ်ကြဖို့ ညွှန်ကြားချက်တွေနဲ့အတူ လာမယ့် သင်္ကြန်ပွဲတော်ကိုလည်း မကျင်းပဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားခဲ့တာပါ။        လတ်တလောမှာတော့ သင်္ကြန်ရာသီအခင်းအကျင်းတွေနဲ့ ကရုဏာသက်စရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရုပ်သံဇာတ်လမ်းတိုတပုဒ်ထွက်ရှိလာခဲ့ပြီး အွန်လိုင်းပေါ် နာမည်ကြီးနေခဲ့ပါတယ်။        ‘သမီးမသိတဲ့သင်္ကြန်’လို့ အမည်ပေးထားတဲ့ ဒီရုပ်သံဇာတ်လမ်းတိုကိုတော့ Dream Walkerz Production ကနေ တင်ဆက်လိုက်တာဖြစ်ပါတယ်။ အနမ်းဝိုင်ရုပ်ရှင်ကားကြီးနဲ့ နာမည်ကြီးတဲ့ လူငယ်ဒါရိုက်တာ အောင်မြတ်က ရိုက် ကူးပုံဖော်ပေးထားတဲ့ ဒီဇာတ်လမ်းထဲမှာတော့ သရုပ်ဆောင်မင်းသား နေမျိုးအောင်နဲ့ ကလေးသရုပ်ဆောင် ဟိန်းသီရိစံတို့က အဓိက ပါဝင်ထားကြတာပါ။        ရုပ်သံဗွီဒီယိုဖိုင်အစမှာတော့ မူလတန်းကျောင်းတကျောင်းမှ ကျောင်းသူကျောင်း သားလေးတွေရဲ့ ကျရာခေါင်းစဉ်နဲ့ ပြောပြကြတဲ့ အဖွင့်နဲ့ စတင်ထားခဲ့တာ ဖြစ်ပါတယ်။        အဓိကဇာတ်ကောင် ကလေးသရုပ်ဆောင်ကောင်မလေးရဲ့ ‘သမီးမသိတဲ့ သင်္ကြန် ကို မုန်းတယ်’ဆိုတဲ့ အကြောင်းအရာဟာ ဘာကြောင့်ပါလဲ။ ဘယ်လိုနောက်ဆက်တွဲ ဇာတ်လမ်းဇာတ်ကွက်တွေပါဝင်မလဲဆိုတာကို အချိန်တိုတိုလေးအတွင်းမှာ တဆင့်ချင်း ရိုက်ပြသွားခဲ့တာဟာလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။        မိတဆိုး သမီးလေးတယောက်နဲ့ တာဝန်ကျေ စည်ပင်သန့်ရှင်းရေးဝန်ထမ်းဖခင် သားအဖ ၂ ယောက်ကြားက ချစ်ခြင်းမေတ္တာကိုလည်း ပေါ်လွင်စေသလို ရိုးရှင်းတဲ့ ရိုးရာ မပျက်တဲ့ သင်္ကြန်ပွဲတော်ကို စိတ်ကူးနဲ့ ချစ်သော သင်္ကြန်၊ သိသော သင်္ကြန်ကာလကို ကပ်ဆိုးကာလမှာ ဖြတ်ကျော်နိုင်စေဖို့ ရည်ရွယ်တဲ့ ဒီဇာတ်လမ်းတိုကိုတော့ OPPO ဖေ့စ်ဘွတ်ခ်ကတဆင့် မျှဝေပေးထားခဲ့တာဖြစ်ပြီး ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းခွဲကျော် ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024