COVID-19 ကာကွယ်ရန် SSPP/SSA ထိန်းချုပ်နယ်မြေတွင် ကျန်းမာရေး စစ်ဆေးပေးနေ
ခွန်ဇော်ဦး
·
April 5, 2020
COVID-19 ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA) ရဲ့ ဝမ်ဟိုင်းဌာနချုပ်ရှိရာ ကျေးသီးမြို့နယ်အတွင်း ကျန်းမာရေး အထူးကြပ်မတ်စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။
SSPP/SSA နယ်မြေအတွင်းမှာ ကိုရိုနာဗိုင်းရပ်ရောဂါ COVID-19 ကို ကြိုတင်ကာ ကွယ်တဲ့အနေနဲ့ ဌာနချုပ်ရဲ့အဝင်အထွက်လမ်းတွေမှာ ယာယီစခန်းချစစ်ဆေးနေတဲ့ အဖွဲ့ ၇ ဖွဲ့၊ ရွေ့လျားစစ်ဆေးတဲ့အဖွဲ့ ၁ ဖွဲ့ ဖွဲ့ကာ လူအင်အား ၁၃၀ ကျော် အသုံးပြုပြီး အသိပညာပေးတာ၊ ကျန်မားရေးစစ်ဆေးတာတွေ အထူးကြပ်မတ်ဆောင်ရွက်နေတယ်လို့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
SSPP/SSA ထိန်းချုပ်နယ်မြေအတွင်းမှာ ပြည်ပနိုင်ငံတွေကနေ ပြန်လာကြမယ့် နိုင်ငံသားတွေအတွက် သက်ဆိုင်ရာ ကျေးရွာအလိုက် ရွာအပြင်မှာ ၁၄ ရက် ကျန်းမာရေး စောင့်ကြည့်နိုင်ဖို့ တကိုယ်ရေ နေထိုင်စရာ ယာယီတဲလေးတွေ ထိုးပေးထားတယ်လို့ ရွာသားတဦးက ပြောပါတယ်။
SSPP/SSA အနေနဲ့ အစိုးရကျန်းမာရေးဌာနအပြင် လူမှုကူညီရေးအဖွဲ့တွေနဲ့လည်း ချိတ်ဆက်ပြီး COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။
SSPP/SSA တပ်ဖွဲ့က စစ်ဆေးတွေ့ရှိတဲ့ သံသယရှိသူတွေကို အစိုးရကျန်းမာရေးဌာနကို လွှဲပြောင်းပေးနေပြီး ဒီကပ်ရောဂါဆိုးကြီးကို ကျော်လွှားနိုင်ဖို့ ဘာသာ၊ လူမျိုး၊ ဒေသနဲ့ အဖွဲ့အစည်း မခွဲခြားဘဲ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
SSPP/SSA တပ်ဖွဲ့အနေနဲ့ COVID-19 ကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်နိုင်ဖို့ လက်ဆေးရည်၊ နှာခေါင်းစည်း၊ လက်အိတ်နဲ့ PPE ဝတ်စုံတွေ လိုအပ်နေပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ပိုးတွေ့ရှိသူ ၂၁ ဦးရှိနေပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။