ကိုရိုနာဗိုင်းရပ်စ်ကြောင့် မော်ချီးသတ္တုတွင်း ကဘ-၃၂ ပိတ်
နော်နိုရင်း
·
April 4, 2020
COVID–19 ကူးစက်မှု ဂယက်ကြောင့် ကယားပြည်နယ် မော်ချီးသတ္တုတွင်းထဲက တခုဖြစ်တဲ့ ကဘ-၃၂ (ခေါ်) အမှတ် ၃၂ သတ္တုကျင်းကို ဧပြီလ ၂ ရက်နေ့ကစပြီး ပိတ်လိုက်ပါတယ်။
COVID–19 ရောဂါဖြစ်ပွားမှုကာကွယ်ရေး လူစုလူဝေး ရှောင်ကြဉ်တဲ့အနေနဲ့ ကဘ-၃၂ တခုလုံး ပိတ်လိုက်တာလို့ ကျင်းတာဝန်ခံတဦးက ပြောပါတယ်။
“လုပ်ကွက် ၅၀၊ ၆၀ ရှိတဲ့အထဲမှာ ၂၀ လောက်ပဲ အလုပ်လုပ်တော့တယ်။ အခုတော့ ဒီည အကုန်လုံး သော့ခတ်ပြီးပိတ်မယ်။”
ကဘ-၃၂ ဟာ လိုခါးလိုကျေးရွာနားရှိတာကြောင့် ကျေးရွာလူထုတွေအနေနဲ့ ရောဂါပြန့်ပွားမှုမရှိစေရေး အဓိကထားပြီး ကျင်းတာဝန်ရှိသူတွေက ဧပြီလ ၂ ရကနေ ၃၀ ရက်နေ့အထိ တလပိတ်ထားမယ်လို့ ပြောပါတယ်။
ကဘ-၃၂ မှာ တရားဝင်အမည်ပေါက် လုပ်ကွက် ၄၀ ကျော်ရှိပြီး အမည်မပေါက်သေးတဲ့ လုပ်ကွက် ၂၀ ကျော်ရှိနေပါတယ်။
မော်ချီးသတ္တုတွင်းထွက် ခဲမဖြူ၊ အဖြိုက်နက်တွေကို တရုတ်လုပ်ငန်းရှင်တွေ အဓိက ဝယ်ယူနေခဲ့တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ဖေဖော်ဝါရီလကုန်လောက်ကတည်းက ခဲတွေ ဝယ်ယူမှုမရှိတဲ့အတွက် ခဲဈေးတွေ ကျခဲ့ပါတယ်။
အရင်က ခဲသန့် ၁ ပိဿာကို မြန်မာ ကျပ်ငွေ ၂၀၀၀၀ အထိပေါက်ပြီး ဒီနောက်ပိုင်းမှာ ခဲသန့် ၁ ပိဿာကို မြန်မာကျပ်ငွေ ၁ သောင်းကျော် ကျသွားတဲ့အပြင် ဝယ်ယူသူမရှိတော့တဲ့အတွက် လုပ်ကွက်တဝက်ကျော် လုပ်ငန်းရပ်နားထားခဲ့ရပါတယ်။
ဒါ့အပြင် နေ့စဉ် လက်လုပ်လက်စားသမားတွေ၊ နေ့စဉ် ခဲဝယ်ယူပြီး ပြန်ရောင်းတဲ့ လက်လုပ် လက်စားသမားတွေလည်း အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေး ကျပ်တည်းနေကြတယ်လို့ သိရပါတယ်။