ပရိသတ်အချစ်တော် သရုပ်ဆောင် ဒေါင်းရဲ့ ကိုဗစ်သံချပ် အွန်လိုင်းပေါ် ရေပန်းစားနေ (ရုပ်သံ)
DVB
·
April 4, 2020
(ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
“အဖျားတက်လို့ အသားပူ… အများသူငါ ကိုဗစ်ပိုးလား… အများသူငါ ကိုဗစ်ပိုးလား… အဖျားတက်လို့ အသားပူ… ကြောက်အောင်ခြောက်လို့ အလွန်ရိုင်းသနော်… အွန်လိုင်းပေါ်မှာ ကောလဟာလ… အွန်လိုင်းပေါ်မှာ ကောလဟာလ… ကြောက်အောင် ခြောက်လို့ အလွန်ရိုင်းသနော်”
ဒါကတော့ လတ်တလော အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေပန်းစားနေတဲ့ COVID-19 ပညာပေး သံချပ်သီချင်းရုပ်သံထဲက စာသားတွေ ဖြစ်ပါတယ်။
ဒီသံချပ်ကို ဦးဆောင်သူကတော့ ပရိသတ်အချစ်တော် နာမည်ကြီး သရုပ်ဆောင် မင်းသား ဒေါင်းဖြစ်ပြီး အင်တာနက်ဗွီဒီယိုကောလ်မှတဆင့် အကအလှတွေ၊ သံချပ်အတိုင် အဖောက်တွေနဲ့ ဖန်တီးရိုက်ကူးထားခဲ့တာကို တွေ့ရပါတယ်။
“ကျန်းမာရေးအတွက် ထုတ်ပြန်ရာ… ထုတ်ပြန်တာကို မျက်ခြေမပြတ်… ထုတ်ပြန်တာကို မျက်ခြေမပြတ်… ကျန်းမာရေးအတွက် ထုတ်ပြန်ရာ… လူအုပ်ကြားထဲ မျှောတိုးရင်… ရောဂါပိုးဝင် ကူးတတ်သတဲ့… ရောဂါပိုးဝင် ကူးတတ်သတဲ့… လူအုပ်ကြားထဲ မျှောတိုးရင်”
အရင်က ဘောလုံးသမားဟောင်းတယောက် ဖြစ်ခဲ့ပြီး သရုပ်ဆောင်လောကထဲ ရောက်ရှိလာခဲ့တဲ့ ဒေါင်းဟာ ထိုင်းဒါရိုက်တာ ရိုက်ကူးပြီး နိုင်းနိုင်း၊ ဝတ်မှုန်ရွှေရည်တို့နဲ့ အတူတွဲ သရုပ်ဆောင်ခဲ့တဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ကားနဲ့ တဟုန်ထိုးနာမည်ကြီးလာခဲ့သူ ဖြစ်ပါတယ်။
သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုးသုနဲ့ အတူတွဲသရုပ်ဆောင်ခဲ့ပြီး သိပ်မကြာခင်ကမှ ရုံတင်ပြသခဲ့တဲ့ မိန်းမတယောက်ရဲ့ ဖွင့်ဟဝန်ခံချက် ရုပ်ရှင်ကားဟာလည်း ပရိသတ်တွေ လက်ခံအားပေးကြတဲ့ ရုပ်ရှင်ကားတကား ဖြစ်ခဲ့ပါတယ်။
သရုပ်ဆောင်မင်းသား ဒေါင်းဟာ ပရဟိတလုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လေ့ရှိသူတဦးဖြစ်ကာ ပြီးခဲ့တဲ့ မတ်လကမှ ရန်ကုန်ကလေးဆေးရုံကြီးကို အသက်ရှူစက် (Ventilator) တလုံးနဲ့ ကာကွယ်ရေး ဝတ်စုံ(PPE)တွေကို လှူဒါန်းခဲ့ပါသေးတယ်။
“ရောဂါဖြစ်လို့ ကူးစက်လာ… ပူးယှက်သွားလာ… ခြောက်ပေကွာလောက်… ပူးယှက်သွားလာ… ခြောက်ပေကွာလောက်… ရောဂါဖြစ်လို့ ကူးစက်လာ… သားစိမ်းငါး စိမ်း မကျက်လျှင်… တခွက်ပင်လျှင် မစားပါနဲ့… တခွက်ပင်လျှင် မစားပါနဲ့… သားစိမ်း ငါးစိမ်း မကျက်လျှင်”
ထိမိတဲ့ ပညာပေးစာသားတွေနဲ့ ဒီသံချပ်ရုပ်သံဗွီဒီယိုဖိုင်ကိုတော့ BBC Media Action Myanmar ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်ပေါ်မှတဆင့် “သံချပ်ထိုးတဲ့ ❤️စေတနာ 🥵ဝေဒနာတွေ ကင်းဝေးစေသား #ဒို့သိ #ဒို့လုပ် #ဒို့ကျော်ဖြတ်”လို့ ရေးသားပြီး မျှဝေထားခဲ့တာဖြစ်ပြီး ဒေါင်းကလည်း သူ့ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန် ရက်ပေါ်မှတဆင့် ပြန်လည်မျှဝေထားတာပါ။
လတ်တလောမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို တရက်အတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇ သိန်းနီးပါး ရှိနေပါတယ်။