ကော့သောင်းဆေးရုံ၌ သေဆုံးခဲ့သည့်အမျိုးသား စောင့်ကြည့်လူနာထဲမပါဟု ဆေးရုံအုပ်ပြော
DVB
·
April 4, 2020
တနင်္သာရီတိုင်း ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ဧပြီ ၃ ရက်နေ့ မနက်က သေဆုံးသွားတဲ့ အမျိုးသားဟာ COVID-19 စောင့်ကြည့်လူနာစာရင်းထဲ မပါဘူးလို့ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ဇော်က ပြောပါတယ်။
သေဆုံးသွားသူဟာ ကော့သောင်းမြို့ခံဖြစ်ပြီး ဧပြီ ၃ ရက်နေ့ မနက်ပိုင်း ဆေးရုံရောက်ပြီးနောက် ဆေးကုသမှု ခံယူနေတဲ့အချိန် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူဟာ အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါအခံရှိပြီး အစာအိမ် သွေးယိုစီးမှု မကြာခဏဖြစ်ကာ ရန်ကုန် အထူးကုဆေးရုံတွေမှာ ဆေးဝါးကုသမှု ခံယူနေရတဲ့ လူနာဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ အမျိုးသားရဲ့ ဇနီးဖြစ်သူကတော့ ပြီးခဲ့တဲ့တပတ်လောက်က ဘန်ကောက်က ပြန်လာတာကြောင့် ခရိုင်ပြည်သူ့ဆေးရုံကြီး သီးသန့်ထား စောင့်ကြည့်နေတာဖြစ်ပြီး အမျိုးသားဖြစ်သူကတော့ စောင့်ကြည့်လူနာစာရင်းထဲ မပါဘူးလို့ သိရပါတယ်။
သေဆုံးသွားတဲ့ အမျိုးသားရဲ့ ဓာတ်ခွဲနမူနာကို ရန်ကုန်ပို့ဆောင်ထားပြီး အဖြေ စောင့်ဆိုင်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ကော့သောင်းမြို့မှာ COVID-19 ရောဂါ စောင့်ကြည့်ခံရသူ ၁၁၅ ဦးရှိပြီး ခုချိန်ထိ သံသယလူနာ မရှိဘူးလို့ သိရပါတယ်။
လတ်ကိုကိုဦး