Home
မြန်မာသတင်း
ကိုဗစ်ကာကွယ်ရေး အသံချဲ့စက်ဖြင့်လိုက်လံ ပညာပေးခြင်းက အထိရောက်ဆုံးဟု ဝန်ကြီးပြော
DVB
·
April 2, 2020
91603432_2866687470085600_1638632978085052416_o
COVID-19 ရောဂါကာကွယ်ဖို့  နိုင်ငံအတွင်းရပ်ရွာတွေမှာ အသံချဲ့စက်ငယ်တွေနဲ့ လိုက်လံပညာပေးတာက အထိရောက်ဆုံး နည်းလမ်းဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ပြည်ပမှာ အလုပ်သွားလုပ်နေသူတွေ အပါအဝင် နိုင်ငံအတွင်း ပြန်ဝင်လာသူတွေကို ၁၄ ရက် စောင့်ကြည့် Quarantine လုပ်နေ ပေမယ့် Quarantine ဝင်နေသူတွေက ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို လိုက်နာဖို့က အရေးကြီးတယ်လို့ ဆိုပါတယ်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး က  “ တစ်က ကျနော်တို့ နိုင်ငံမှာ ဆရာတို့အားလုံး သိတဲ့အတိုင်း ကုန်းလမ်းက ဝင်လာတာတွေ၊ နေ့စဉ်ထောင်နဲ့သောင်းနဲ့ ဝင်တယ်။ အဲ့တာတွေကို Quarantine လုပ်ထားတယ်။ လေဆိပ်က ဝင်လာတာတွေလုပ်တယ်။ ဆေးရုံမှာထားတာတွေ ရှိတယ်၊ ဟိုတယ်မှာ ထားတာရှိတယ်။ အဲ့ဒီ Quarantine ရမယ့်သူတွေက တပြည်လုံးပြန့်နေတယ်။ ဒီ Quarantine နေရာမှာ ရှိတဲ့သူတွေက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ထားတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေအတိုင်းလုပ်ရင် ဘာမှ ကြောက်စရာမလိုဘူး။ အခုသွားတွေ့တာ အဲ့ဒီလုပ်ထားတဲ့သူတွေက ထွက်ပြီးတော့ အချင်းချင်း စကားပြောတာတို့၊ သုံးလေးယောက်လောက် ထိုင်နေတာတွေ၊ အဲ့တာတွေက လုံးဝမလုပ်သင့်ဘူး။ အဲ့ဒီတော့ ဒါကို ကျနော်တို့ အားဖြည့်နေတယ်။ အားဖြည့်နေတော့ ဆရာတို့ရဲ့အကူအညီတွေ အများကြီးလိုတယ်။ အဆင့်ဆင့်မှာလုပ်နေတဲ့အဖွဲ့အစည်းတွေအားလုံးက သွားပြီးတော့ ကြီးကြပ်ပြီး ဒါတွေမလုပ်ဖို့ အဲ့တာမျိုးကို guide လုပ်ပေးပါ။ ” လို့ ပြောပါတယ်။ CIVID-19 နဲ့ ပတ်သက်ပြီး ပြည်သူတွေသိသင့်တဲ့အချက်အလက်တွေနဲ့ ဆောင်ရန်ရှောင်ရန်တွေ၊ သံသယလူနာစာရင်းနဲ့ ရောဂါပိုးတွေ့ရှိမှုတွေကို ဝန်ကြီးဌာန ဝက်ဘ်ဆိုက်နဲ့ ဖေ့စ်ဘွတ်ခ်မှာ နေ့စဉ် တင်ပေးနေပေမယ့် ထိရောက်မှုအားနည်းနေပြီး အထိရောက်ဆုံးနည်းလမ်းကတော့ ရပ်ကွက်/ကျေးရွာတွေမှာ အသံချဲ့စက် စပီကာငယ်တွေနဲ့ လိုက်လံ သတိပေးခြင်းသာဖြစ်တယ်လို့လည်း ဆိုပါတယ်။ “ကျနော်က ထင်နေတာ ဝက်ဘ်ဆိုက်မှာ တင်နေတယ်။ ဖေ့စ်ဘွတ်ခ်မှာ တင်တယ်။ နှစ်သန်းကြည့်တယ်၊ သုံးသန်းကြည့်တယ် ကျေနပ်နေတာ။ မရဘူး။ မြန်မာပြည်မှာက ၅၂ သန်းရှိတယ်။ တောတွေ အများကြီးပါပဲ။ အဲ့ဒီတော့ အခုအချိန်မှာ အထိရောက် ဆုံးသော နည်းဗျူဟာက ဘာလဲဆိုတော့ စပီကာလေးတွေနဲ့ လိုက်ပြီးပြောတာ။ စပီကာလေးမှာ ပြောမှာက ဝက်ဘ်ဆိုက်မှာ အကုန်တင်ထားတယ်။ ၆ မျိုးရှိတယ်။ဒါတွေကိုသာ သေသေချာချာလုပ်နိုင်ရင် ပြီးပြီ” လို့ ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။ ကမ္ဘာ့နိုင်ငံတွေမှာ ကူးစက်ပြန့်ပွားနေတဲ့ COVID-19 ရောဂါ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက စတင်တွေ့ရှိခဲ့ရပြီး ဒီနေ့အထိ ရောဂါကူးစက်ခံရသူ ၁၆ ဦး သေဆုံးသူ ၁ ဦး  ရှိနေတာပါ။ ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024