လူမှုကူညီရေးလူနာတင်ယာဉ်များ ရောဂါကာကွယ်နိုင်ရန် ဧရာဝတီတိုင်းအစိုးရ ပြင်ဆင်ပေးမည်
DVB
·
April 2, 2020
COVID-19 ရောဂါနဲ့ပတ်သက်ပြီး လူနာတင်ဆောင်ရာမှာ ရောဂါကာကွယ်နိုင်ဖို့အတွက် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်က အရပ်ဘက်လူနာတင်ယာဉ်တွေကို ၁ မြို့နယ် အနည်းဆုံး ၂ စီး ပြုပြင်ပြင်ဆင်ပေးသွားမယ်လို့ အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
"ရောဂါနဲ့ပတ်သက်ပြီး လူနာတွေကိုတင်ဆောင်တဲ့အခါမှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ လူနာတင်ယာဉ်တွေကို အသုံးပြုရတာလည်းရှိတယ်၊ လူနာတွေသယ်တဲ့အခါ ရောဂါကာကွယ် ရေးဖြစ်တဲ့ လူနာနဲ့ ယာဉ်မောင်းကို ကန့်ထားတာတို့၊ ယာဉ်မောင်းကို PPE ဝတ်စုံဝတ်မောင်း ရမှာဖြစ်တာတွေရှိတော့ အရပ်ဘက်လူနာတင်ယာဉ်တွေကို ပြုပြင်ပြင်ဆင်တာတွေလုပ်ပေး သွားမယ် "လို့ တိုင်းအစိုးရအဖွဲ့ လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဒီဗွီဘီကိုပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းက ဆေးရုံတွေမှာရှိတဲ့ လူနာတင်ယာဉ်တွေကို ပြင်ဆင်ထားတာရှိပြီး မလုံလောက်တဲ့အခါ မြို့နယ်အလိုက် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အကူညီကိုရယူနေရတာဖြစ်လို့ မြို့နယ်အလိုက်မှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ လူနာတင်ယာဉ်တွေ ပြင်ဆင်သွားမှာဖြစ်ပြီး ၁ စီးကို ၃ သိန်းနှုန်းလောက် အကုန်ကျခံမယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်း မတ်လ ၃၁ ရက်နေ့အထိ COVID-19 ရောဂါပိုးတွေ့ရှိသူ မရှိသေးပေမဲ့ ပြည်ပနိုင်ငံကပြန်လာသူ ၉၁၄ ဦးရှိပြီး မြို့နယ် ၂၆ မြို့က စောင့်ကြည့်ရေး စခန်း ၁၅၀ ဖွင့်လှစ်ကာ ၁၄ ရက်တာ စောင့်ကြည့်နေတယ်လို့ တိုင်းအစိုးရအဖွဲ့ ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။
COVID-19 ရောဂါသံသယနဲ့ ဧရာဝတီတိုင်းမှာ စောင့်ကြည့်ခံရသူ ၁၄ ဦးရှိခဲ့ပြီး ဓာတ်ခွဲစစ်ဆေးအဖြေရလဒ်တွေအရ ရောဂါပိုးမတွေ့ရှိဘူးလို့ သိရပါတယ်။
သတင်း-မင်းထက်မုန်း (ပုသိမ်)