ကိုရိုနာဗိုင်းရပ်စ် အရေးပေါ် တုံ့ပြန်ရေးကော်မတီ သမ္မတအမိန့်ဖြင့် ဖွဲ့စည်း
ပိုင်စိုး
·
March 31, 2020
ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကိုဖျက်သိမ်းပြီး ဒု သမ္မတဦးမြင့်ဆွေ ဦးဆောင်တဲ့ အရေးပေါ် တုံ့ပြန်ရေးကော်မတီကို သမ္မတအမိန့်နဲ့ ဖွဲ့စည်းလိုက်ပါတယ်။
အဖွဲ့ဝင် ၁၀ ဦးပါတဲ့ ဒီကော်မတီကို ဒု သမ္မတ ၁ ဦးမြင့်ဆွေက ဦးဆောင်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက အတွင်းရေးမှူး ၁၊ ပြည်ထဲရေးဝန်ကြီးက အတွင်းရေးမှူး ၂ ဖြစ်ပါတယ်။
ကော်မတီအဖွဲ့ဝင်တွေကတော့ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီး၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး၊ တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးတို့ ဖြစ်ပါတယ်။
ကော်မတီအနေနဲ့ ရောဂါပိုးကူးစက်နေသူတွေနဲ့ အနီးကပ်ထိတွေ့သူအားလုံးကို ရောဂါလက္ခဏာပြတဲ့အထိ စောင့်မနေဘဲ စုံစမ်းဖော်ထုတ်ပြီး အမြန်ဆုံးစစ်ဆေးတာ၊ စောင့်ကြပ်ကြည့်ရှုတာ၊ ပြည်ပက ပြန်လာသူတွေကို တိုင်းနဲ့ပြည်နယ် အစိုးရတွေနဲ့ ပေါင်းပြီး စောင့်ကြပ်ကြည့်ရှုတာ၊ ပိုးရှိသူတွေ့ရင် သူတို့နဲ့ အနီးကပ်တွေ့ခဲ့သူတွေကို စုံစမ်းဖော်ထုတ်ပြီး စောင့်ကြပ်ကြည့်ရှုနိုင်ရေးကို လုပ်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်နဲ့ ရပ်ရွာအခြေပြု စောင့်ကြပ်ကြည့်ရှုရာမှာ လိုအပ်ရင် တင်းတင်းကျပ်ကျပ်ထိန်းချုပ်ဖို့၊ လိုအပ်တဲ့ စားနပ်ရိက္ခာ၊ စိတ်ဓာတ်မြှင့်တင်ရေးတို့ကို တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ကူးစက်ရောဂါမြင့်လာတဲ့ ဒေသတွေ၊ မြင့်လာနိုင်တဲ့ ဒေသတွေ၊ ရောဂါနဲ့ပတ်သက်ပြီး မတည်မငြိမ် ဖြစ်လာနိုင်တဲ့ဒေသတွေမှာ ရပ်ရွာအခြေပြု စောင့်ကြပ်ကြည့်ရှုတာကို ပြည်သူတွေ အတိအကျ လိုက်နာစေဖို့အတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ပြီးတော့ ဒေသတွေမှာ ရပ်ရွာအခြေပြု စောင့်ကြပ်ကြည့်ရှုမယ်ဆိုရင် မရှိမဖြစ်လိုအပ်တဲ့ အရောင်းဆိုင်တွေ၊ ဆေးပစ္စည်းဆိုင်တွေ ဆက်လက်ဖွင့်လှစ်ရေး၊ မရှိမဖြစ်လည်ပတ်ဖို့လိုတဲ့ စက်ရုံ အလုပ်ရုံတွေ ဆက်လက်လည်ပတ်နိုင်ရေးကိုလည်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။
လုပ်အားပေးတွေကြိုတင်စုဆောင်းဖို့၊ သတင်းမှား ဖြန့်သူတွေနဲ့ ကုန်ပစ္စည်း ဈေးတင် ရောင်းချသူတွေကို ရှာဖွေဖမ်းဆီးဖို့၊ နယ်စပ်တွေကနေ တရားမဝင် ဝင်ထွက်သူတွေမရှိစေဖို့၊ အဂတိလိုက်စားတာတွေ မရှိစေဖို့ တိုင်ကြားနိုင်မယ့် ဌာနတွေ အမြန်ဆုံးဖွင့်လှစ်ဖို့၊ လိုအပ်ရင် လုံခြုံရေး အစောင့်အရှောက်ထားဖို့ စတာတွေကိုလည်း လုပ်ရမှာ ဖြစ်ပါတယ်။
ဒီကော်မတီရဲ့ အတွင်းရေးမှူး ရုံးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးရုံးမှာ အမြန်ဆုံးဖွင့်ဖို့လည်း သမ္မတရဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။