မြန်မာ့မီးရထား၏ သက်တမ်းရင့်လူစီးတွဲများအား ကိုရီးယားလူစီးတွဲများဖြင့် အစားထိုးမည်
DVB
·
March 22, 2020
မြန်မာ့မီးရထားမှာ လက်ရှိ ပြေးဆွဲနေတဲ့ လူစီးတွဲတွေထဲက သက်တမ်းရင့် အတွဲတွေကို ကိုရီးယားနိုင်ငံက ရောက်ရှိမယ့် လူစီးတွဲတွေနဲ့ အစားထိုးသွားမယ်လို့ သိရပါတယ်။
ကိုရီးယားနိုင်ငံ ချေးငွေနဲ့ လုပ်ဆောင်တဲ့ လူစီးတွဲ ၁၀၀ စီမံကိန်းကနေ ရောက်ရှိမယ့် လူစီးတွဲတွေနဲ့ အစားထိုးသွားမှာပါ။
အဲ့ဒီစီမံကိန်းမှာ အဲယားကွန်းပါ အထက်တန်း လူစီးတွဲ ၂၀၊ အဲယားကွန်းမပါ အထက်တန်း လူစီးတွဲ ၂၀ နဲ့ ရိုးရိုးတန်းတွဲ ၆၀ တို့ ပါဝင်ပြီး မကြာခင်မှာ အဲယားကွန်းမပါ အထက်တန်း လူစီးတွဲ ၂၀ ရောက်ရှိမယ်လို့ ဆိုပါတယ်။
ရောက်ရှိလာတဲ့ လူစီးတွဲတွေကို မြန်မာနိုင်ငံတွင်းမှာ ကိုရီးယားအင်ဂျင်နီယာတွေနဲ့ မြန်မာအင်ဂျင်နီယာတွေ ပူးပေါင်းပြီး မြစ်ငယ်မှာ တည်ဆောက်သွားမယ်လို့ မြန်မာ့မီးရထား တာဝန်ရှိသူတဦးက ပြောပါတယ်။
ကိုရီးယားနိုင်ငံ ချေးငွေနဲ့ လုပ်ဆောင်တဲ့ လူစီးတွဲ ၁၀၀ စီမံကိန်းမှာ ပထမဆုံး ရောက်ရှိလာတဲ့ အဲယားကွန်းပါ အထက်တန်း လူစီးတွဲ ၂၀ ကို မန္တလေး-မြစ်ကြီးနားလမ်းပိုင်းမှာ မတ် ၂၁ ရက်နေ့က စတင်ပြေးဆွဲနေပါတယ်။
“အရင်တုန်းက ဒီလောက် အတွဲမသန့်ဘူး၊ ခုံတွေလည်း ဒီလောက်မကောင်းဘူး”လို့ မန္တလေး-မြစ်ကြီးနားသွား ခရီးသည်တဦးက ပြောပါတယ်။