သံဖြူဇရပ်မြို့နယ်က စောင့်ကြည့်လူနာတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးမရှိ
DVB
·
March 21, 2020
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာက စောင့်ကြည့်လူနာမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး မရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒါကြောင့် ဒီစောင့်ကြည့်လူနာကို ဆေးရုံ ၂ ရက် ဒါမှမဟုတ် ၃ ရက်လောက် စောင့်ကြည့်ပြီးမှ ဆေးရုံပြန်ဆင်းခွင့်ပြုသွားမယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝတ်မှုံက ဒီဗွီဘီကို ပြောပါတယ်။
ဒီစောင့်ကြည့်လူနာဟာ သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာမှာ နေထိုင်သူ အမျိုးသမီးတဦး ဖြစ်ပြီး မလေးရှားနိုင်ငံကနေ မတ် ၉ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာပြီးနောက် ကိုယ်ပူတာနဲ့ ချောင်းဆိုးတာကြောင့် သံဖြူဇရပ်မြို့နယ် ဆေးရုံမှာ သီးခြားစောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။