ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ဧရာဝတီတိုင်းအစိုးရ အလှူငွေကောက်ခံမည်
DVB
·
March 20, 2020
ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကာကွယ်ရေးအတွက် တိုင်းဒေသကြီးအဆင့် အလှူငွေကောက်ခံရေးအဖွဲ့ ဖွဲ့စည်းပြီး အလှူငွေ ကောက်ခံတာတွေ ပြုလုပ်သွားမယ်လို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့က ပြောပါတယ်။
"ဘဏ္ဍာရေးဝန်ကြီးဦးဆောင်တဲ့ ရောဂါကာကွယ်ရေး ရန်ပုံငွေ အလှူငွေကောက်ခံရေးအဖွဲ့ ဖွဲ့စည်းသွားမယ်၊ အဲ့အဖွဲ့ကနေပြီးတော့ ကူးစက်ရောဂါကာကွယ်ရေးအတွက် အလှူငွေတွေကို ကောက်ခံသွားမယ်" လို့ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိအချိန်မှာ တိုင်းအစိုးရအဖွဲ့အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေးမှာ အသုံးပြုတာတွေပြုလုပ်နိုင်ဖို့ သိန်း ၁၀၀၀ တိုင်းကျန်းမာရေးဦးစီးဌာနကို ခေတ္တပေးသုံး ထားမှာဖြစ်ပြီး အလှူငွေကောက်ခံလို့ရလာတဲ့အခါ ပြန်လည်ပေးအပ်ရမယ်လို့ ဆိုပါတယ်။
တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၆ မြို့နယ်က ကိုရိုနာဗိုင်းရပ်စ် ရောဂါသံသယရှိတဲ့ လူနာတွေကို တိုင်းဆေးရုံကြီးဖြစ်တဲ့ ကုတင် ၅၀၀ ပုသိမ်ပြည်သူ့ ဆေးရုံကြီးမှာ စောင့်ကြည့်ကုသ နေရပြီး ကြိုတင်ပြင်ဆင်ထားတာတွေလည်းရှိတယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
ပုသိမ်ပြည်သူ့ ဆေးရုံကြီးအတွက် ၁ လုံးကို သိန်း ၂၀၀ တန်ဖိုးရှိ အသက်ရှုစက် ၆ လုံး လောက် အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရာမှာအသုံးပြုနိုင်ဖို့အတွက် အခြားကာကွယ်ရေးပစ္စည်း ၁၁ မျိုးလောက် လိုအပ်တာတွေရှိနေသေးတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ပြောပါတယ်။
ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါသံသယရှိလူနာတွေကို စောင့်ကြည့်ကုသ နိုင်ဖို့အတွက် လက်ရှိအချိန်မှာ ကုတင် ၁ လုံးသာရှိနေပြီး သံသယရှိလူနာတွေကို စောင့်ကြည့်ကုသ တာတွေ ပြုလုပ်နိုင်ဖို့ ကုတင် ၆ လုံး ထပ်မံထားရှိသွားမယ်လို့ သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)