COVID-19 ကြောင့် တက္ကသိုလ်စာမေးပွဲ မဖြေလိုသူများအတွက် အစားထိုးကျင်းပပေးမည်
DVB
·
March 18, 2020
ရန်ကုန်တက္ကသိုလ်စာမေးပွဲတွေကို ဒီကနေ့ မတ်လ ၁၈ ရက်မှာ ပုံမှန်အတိုင်း ဆက်လက်ကျင်းပနေပြီး COVID-19 ရောဂါကိုစိုးရိမ်လို မဖြေဆိုလိုသူတွေအတွက် လာမယ့် ဇွန်လဆန်းမှာ အစားထိုးစာမေးပွဲကျင်းပပေးမယ်လို့ ရန်ကုန်တက္ကသိုလ် ပညာရေးအဖွဲ့က ကြေညာပါတယ်။
ကျောင်းသူကျောင်းသားတွေအနေနဲ့ လက်ရှိဖြေဆိုရမယ့် ဘာသာရပ်တွေ အားလုံး ပြီးဆုံးအောင် ဖြေဆိုရမှာဖြစ်ပြီး မဖြေဆိုတဲ့ ဘာသာရပ်တွေကို စာမေးပွဲစည်းမျဉ်းအရ ကျရှုံးတယ်လို့ သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။
COVID-19 ကို စိုးရိမ်ပြီး ဖြေဆိုလိုခြင်းမရှိပါက ၂၀၂၀ ပြည့်နှစ် ဇွန်လဆန်းမှာ အစားထိုးစာမေးပွဲကို ကျင်းပပေးမှာဖြစ်ပါတယ်။
အစားထိုးဖြေဆိုမယ့် ကျောင်းသူကျောင်းသားတွေအနေနဲ့ကတော့ ဒီနေ့ စတင်ကျင်းပတဲ့ စာမေးပွဲမှာ ဖြေဆိုရမယ့် ဘာသာရပ်တွေအားလုံးကို ဝင်ရောက်ဖြေဆိုတာမပြုလုပ်ဖို့လည်း ရန်ကုန်တက္ကသိုလ် ပညာရေးအဖွဲ့က အသိပေးကြေညာထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှာကို စိုးရိမ်တဲ့အတွက် စာမေးပွဲတွေ ရွေ့ဆိုင်းပေးဖို့ မနေ့ညက ကျောင်းသားတွေက တက္ကသိုလ်အာဏာပိုင်တွေထံ တောင်းဆိုခဲ့ကြပြီး နောက် ရန်ကုန်တက္ကသိုလ် ဆီးနိတ်အစည်းအဝေးကနေ ခုလိုဆုံးဖြတ် ကြေညာလိုက်တာပါ။
ဒါ့အပြင် အဆောင်နေကျောင်းသူကျောင်းသားတွေရဲ့ အဆောင်နေထိုင်ခွင့်နဲ့ ပတ်သက်ပြီး ထပ်မံဆွေးနွေးသွားမှာဖြစ်ပြီး တရားဝင်ကြေညာချက်ကိုတော့ မကြာခင်ထုတ်ပြန်ပေးမယ်လို့လည်း သိရပါတယ်။
တက္ကသိုလ် ဆရာဆရာမများအသင်း ကိုယ်စားပြုကော်မတီကလည်း ဆရာဆရာမတွေ COVID-19 ရောဂါ ကူးစက်ခံရနိုင်တဲ့အန္တရာယ်ကြောင့် အဆင့်မြင့်ပညာ စာမေးပွဲတွေနဲ့၊ တက္ကသိုလ်ဝင်တန်းစာစစ်လုပ်ငန်းတွေကို ရွှေ့ဆိုင်းပေးဖို့ သဘောထားကြေညာချက် ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ COVID-19 ရောဂါအတည်ပြုလူနာမတွေ့ရှိရသေးပေမယ့် ရောဂါကြိုတင်ကာကွယ်တဲ့ အစီအမံတွေကို အစိုးရက ကြိုတင်လုပ်ဆောင်နေပြီး လူစုလူဝေးတွေ၊ ပွဲလမ်းသဘင်တွေ၊ ရုပ်ရှင်ရုံနဲ့ စာသင်ကျောင်းတွေ ပိတ်ထားဖို့လည်း ညွှန်ကြားထားပါတယ်။