ပျောက်ဆုံးနေသည့် နယ်ခြားစောင့်အရာရှိ ဆင်နင်းခံရသေဆုံး
DVB
·
March 16, 2020
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း သုပဏ္ဏက ကျေးရွာအုပ်စု-ဘောင်းရွာက ပျောက်ဆုံးနေတဲ့ နယ်ခြားစောင့်အရာရှိတဦး ဆင်နင်းခံရပြီး သေဆုံးနေတာ တွေ့ရှိခဲ့တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ပျောက်ဆုံးနေတဲ့ မြိုအမျိုးသမီး ၂ ဦးကို မတ်လ ၁၄ ရက်နေ့က ရွာသူရွာသားတွေနဲ့ နယ်မြေခံနယ်ခြားစောင့်တပ်တွေ တောနင်းလိုက်ရှာကြစဉ် လူစုကွဲပြီး ပျောက်ကျန်ခဲ့တဲ့ အမှတ် ၅ နယ်မြေစခန်းမှ အရာရှိကို မတ် ၁၅ ရက် ညနေပိုင်းမှာ တောစပ်ချောင်းအနီး ဆင်နင်းခံရပြီး သေဆုံးနေတာ တွေ့ရှိခဲ့တာလို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးက အတည်ပြုပြောပါတယ်။
သေဆုံးသူမှာ နယ်မြေ ၁ အောင်သပြေစခန်းမှ ဒုရဲအုပ်ကျော်ဦးလှိုင်ဖြစ်ပြီး အလောင်းကို မောင်တောဆေးရုံ ပို့ဆောင်စစ်ဆေးပြီး ဒီနေ့ နေ့လယ်ပိုင်း မောင်တောသုဿန်မှာ သင်္ဂြိုဟ်သွားမယ်လို့ အောင်သပြေစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
မောင်တောမြို့နယ်မြောက်ပိုင်း ဘောင်းရွာမှ မြိုလူမျိုး အမျိုးသမီး ၃ ဦး ရွာအနီး တောင်ယာကို မတ်လ ၁၃ ရက်နေ့ ညနေပိုင်း ဟင်းသွားရှာစဉ် ပျောက်ဆုံးသွားတဲ့အတွက် သက်ဆိုင်ရာနယ်မြေ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ ရွာသူရွာသားတွေ လိုက်ရှာဖွေခဲ့ကြပြီး ကျေးရွာနဲ့ တမိုင်ကျော်ဝေးတဲ့ ယာခင်းအတွင်း သေဆုံးနေသူတဦးကို ည ၈ နာရီကျော်လောက် တွေ့ရှိရပြီး ကျန်အမျိုးသမီး ၂ ဦးကတော့ ဒီနေ့အထိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
လင်းလက်