Home
မြန်မာသတင်း
ပလက်ဝမြို့နယ်တွင် လေကြောင်းကပစ်ခတ်မှုကြောင့် ရွာသား ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ
ဝဏ္ဏခွာညို
·
March 10, 2020
89847831_864359784007168_4064976951259955200_n
89813961_864359817340498_8618374800282222592_n
89338411_864359834007163_1891394693967642624_n
89319404_864359864007160_5054881078066544640_n
88357375_864359764007170_2102220800143654912_n
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဗွီဟူးရွာသစ်ကျေးရွာမှာ လက်နက်ကြီးကျည်ကျရောက်ပြီး ကျေးရွာသားနှစ်ယောက်သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထွက်ပြေးလာကြတဲ့ ဗွီဟူးရွာသစ်ကျေးရွာသားတွေက ပြောပါတယ်။ မတ်လ ၉ ရက်နေ့ ညနေပိုင်းက တပ်မတော်လေကြောင်းပစ်ခတ်မှုကြောင့် ကျေးရွာ အတွင်းမှာ ကျန်ရစ်ခဲ့တဲ့သူတွေထဲမှာ လက်နက်ကြီးကျည်ထိမှန်ကာ ၂ ယောက်သေဆုံးခဲ့ပြီး၊ ၃ ဦးဒဏ်ရာရ ရှိခဲ့သလို နေအိမ် ၂ လုံးလည်းမီးလောင်သွားတယ်လို့ ဗွီဟူးရွာသစ်ကျေးရွာ ထွက်ပြေးလာတဲ့ ဦးကျော်စိန်က ပြောပါတယ်။ “မနေ့က ၅ နာရီလောက်မှာဖြစ်မယ်။ ရွာထက်ကနေ ကျနော်တို့ရွာကို လေကြောင်းနဲ့ ပစ်ခတ်တာ၊ အဲ့ဒီမှာ ရွာက ရွာစောင့် ၇ ယောက် လောက်ပဲကျန်နေခဲ့တယ်။ အဲ့ဒီမှာ လက်နက်ကြီးကျလို့ နှစ်ယောက်သေတယ်။ ဒဏ်ရာပြင်းလို့ ဒီကနေမနက်ပိုင်းဆုံးသွားတယ်။ ပြီးတော့ ၃ ယောက်ဒဏ်ရာရတယ်။ အိမ်နှစ်လုံးမီးလောင်သွားတယ်။” သေဆုံးသွားသူတွေကတော့ ဗွီဟူးရွာသစ်ကျေးရွာဦးရဲထွန်းအသက် ၄၅ နှစ်၊ ဦးချစ်ထွန်း အသက် ၆၅ နှစ်တို့ဖြစ်ပြီး ဒဏ်ရာရရှိခဲ့တဲ့ သုံးဦးကတော့ ပေါင်တွေနဲ့ခြေထောက်တွေ အသီးသီးမှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဗွီဟူးရွာသစ်ကျေးရွာ ဦးကျော်စိန်က ပြောပါတယ်။ ကျောက်တော်မြို့ကိုထွက်ပြေးလာတဲ့ ဦးလှဖြူဝေက “အခြေအနေက တော်တော်ကို ကြောက်ဖို့ ကောင်းပါတယ်။ လေယာဉ်ပေါ်က သေနတ်တွေနဲ့ ပစ်တာမဟုတ်တော့ဘဲ၊ ဗုံးနဲ့ ပစ်ချတာဗျ၊ အဲ့ဒီမှာရွာကိုကျတော့ နေအိမ်တွေမီးလောင်ကုန်တယ်။ ပြီးတော့ အဲ့ဒီလေယာဉ်ပေါ်က ပစ်လိုက်တဲ့ ဗုံးသီးတွေကျတာ ရွာထဲကျတာ၊ အဲ့ဒီမှာ ရေကန်လိုတွင်းတွေဖြစ်ကျန်ခဲ့တယ်။ ရွာမှာက လူတွေ မရှိကြတော့ဘူး။ အကုန်ထွက်ပြေးလာကြတယ်။” ပြီးခဲ့တဲ့ မတ် ၄ ရက်က တပ်မတော်က လေကြောင်းပစ်ခတ်တာတွေကြောင့် အဲ့ဒီ ဗွီဟူးရွာသစ်ကျေးရွာမှာ နေအိမ် ၄ လုံး မီးလောင်သွားပြီး ရွာသား ၁ ဦး သေဆုံးခဲ့ကာ ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ကျောက်တော်မြို့ကို ထွက်ပြေးလာကြတဲ့ ဗွီဟူးရွာသစ်ကျေးရွာသား တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဗွီဟူးရွာသစ်ကျေးရွာ သုံးမိုင်ခန့်ကွာဝေးတဲ့နေရာတွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲဖြစ်တဲနေရာ တလျှောက်ကို ဂျက်တိုက်လေယာဉ် ၃ စီးနဲ့ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သလို မတ်လ ၉ ရက်နေ့ ကလည်း ဂျက်တိုက် ၄ စီးနဲ့ ဗွီဟူးရွာသစ်ကျေးရွာအပါအဝင်တောင်တန်းတွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ထွက်ပြေးလာတဲ့ ကျေးရွာသားတွေကပြောပါတယ်။ အခုကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဖုန်းဆက်သွယ်ခဲ့ရာမှာ မအားတာကြောင့် နောက်မှ ပြန်ဖုန်းဆက်ပေးဖို့ ပြန်လည်ဖြေဆိုခဲ့ပြီး ထပ်မံပြီး ဒီကနေ့နေ့လယ်ပိုင်း ၃ နာရီမိနစ် ၃၀ မှာ ဖုန်းသုံးကြိမ်ခေါ်ဆိုခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခဲ့တာမရှိခဲ့ပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024