ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ဖေ့စ်ဘွတ်ခ်က WHO ကို အခမဲ့ကြော်ငြာများ ပေးမည်
DVB
·
March 4, 2020
ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဖို့အတွက် ဖေ့စ်ဘွတ်ခ်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကို အခမဲ့ကြော်ငြာတွေ လိုသလောက်ပေးသွားမယ်လို့ စီအီးအို မက်ဇူကာဘတ်က မတ် ၃ ရက်နေ့မှာ ပြောပါတယ်။
ဖြစ်ပေါ်နေတဲ့ အခြေအနေအရ ဖေ့စ်ဘွတ်ခ်ဟာ WHO ၊ CDC နဲ့ UNICEF တို့လို ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့အတူ လုပ်ဆောင်နေပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ အချိန်နဲ့ တပြေးညီ တိကျတဲ့သတင်းတွေကို အဲဒီအဖွဲ့အစည်းတွေ ထုတ်ပြန်နိုင်စေဖို့ ကူညီပေးသွားမယ်လို့ ဇူကာဘတ်က ပြောပါတယ်။
ဖေ့စ်ဘွတ်ခ်အနေနဲ့ တခြားအဖွဲ့အစည်းတွေကိုလည်း အကူအညီတွေနဲ့ ကြော်ငြာသန်းချီ ပေးအပ်ပြီး လိုအပ်ရင် ထပ်တိုးအကူအညီပေးနိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ကျွမ်းကျင်သူတွေနဲ့ အနီးကပ် အတူအလုပ်လုပ်သွားမယ်လို့လည်း ဇူကာဘတ်က ပို့စ်တင်ခဲ့ပါတယ်။
ဒါ့အပြင် ချန်ဇူကာဘတ် သုတေသနစင်တာကလည်း လူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်အမျိုးမျိုးပြ ဇယားကားချပ်ကို ဖန်တီးဖို့ လုပ်နေတယ်လို့လည်း ဇူကာဘတ်က ဆိုပါတယ်။
အဲဒီလုပ်ငန်းတစိတ်တဒေသအဖြစ် လူ့ခန္ဓာကိုယ်အဆုတ်အတွင်းရှိ ဆဲလ်အားလုံးကို အသေးစိတ် ပုံဖော်တဲ့ ပရောဂျက်ကို စင်တာက လုပ်ခဲ့ပါတယ်။
သုတေသီတွေဟာ အဲဒီပရောဂျက်ကိုသုံးပြီး အဆုတ်ပျက်စီးတာကို တားဆီးမယ့်၊ ကိုရိုနာဗိုင်းရပ်စ်လက္ခဏာတွေကို ကာကွယ်မယ့် နည်းလမ်းတွေကို ရှာဖွေနေတယ်လို့လည်း ဇူကာဘတ်က သူ့ရဲ့ ဆိုရှယ်မီဒီယာပို့စ်မှာ ဖော်ပြပါတယ်။