စည်ပင်ဝန်ထမ်းအိမ်ရာအသစ်ဆောက်ရန် လက်ရှိနေထိုင်နေသည့် ဝန်ထမ်းများကိုဖယ်ရှားနေ
DVB
·
March 3, 2020
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ စည်ပင်ဝန်ထမ်းအိမ်ရာ အသစ်တည်ဆောက်ဖို့ ရှိနေတဲ့အတွက် လက်ရှိနေထိုင်တဲ့ဝန်ထမ်းတွေကို စည်ပင်သာယာရေးကော်မတီက ဖိအားပေး ဖယ်ရှားခိုင်းတာတွေရှိတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ မန္တလေးအထက်လမ်းမှာရှိတဲ့ စည်ပင်လမ်းတံတားဝန်ထမ်း အိမ်ရာဝင်းထဲမှာ အိမ်ရာအသစ်တည်ဆောက်ဖို့အတွက် လွှတ်တော်က ဘတ်ဂျက်ချထားပေးပြီး ဖြစ်ပါတယ်။
အဲ့ဒီလို အိမ်ရာအသစ်ဆောက်ပြီးရင် လက်ရှိနေထိုင်နေဆဲ ဝန်ထမ်းတွေကို အိမ်ရာပြန်ပေးမှာ မဟုတ်သလို တခြားနေရာကိုပြောင်းဖို့ အတင်းအကျပ် တိုက်တွန်းနေတယ်လို့ နေထိုင်သူ ဝန်ထမ်းတွေက ဆိုပါတယ်။
တခြားနေရာကိုပြောင်းဖို့ နေရာချပေးရာမှာလည်း တချို့နေရာတွေက နေထိုင်ဖို့ အဆင်မပြေဘူးလို့ အဲ့ဒီဝန်ထမ်းတွေက ပြောပါတယ်။
လမ်းတံတားဝန်ထမ်းအိမ်ရာဝင်းက အိမ်တွေဟာ ဟောင်းနွမ်းပျက်စီးနေပြီဖြစ်လို့ အသစ်ပြန်တည်ဆောက်ပေးဖို့ မင်္ဂလာတောင်ညွန့်လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက လွှတ်တော်ထဲမှာ မေးခွန်းမေးမြန်းခဲ့ပြီးနောက် ပြန်လည်တည်ဆောက်ဖို့အတွက် လွှတ်တော်က ဘတ်ဂျက် ကျပ် သိန်းတသောင်းခွဲလောက် ခွင့်ပြုပေးထားပါတယ်။
လွှတ်တော်ကလည်း အိမ်ရာကို ပြန်တည်ဆောက်ဖို့အတွက် အခုနှစ်ဘတ်ဂျက်ထဲမှာ ထည့်သွင်း ချထားပေးခဲ့ပါတယ်။ မင်္ဂလာတောင်ညွန့် လွှတ်တော်ကိုယ်စားလှယ်ကတော့ အခုကိစ္စက လွှတ်တော်ရဲ့ ကတိကဝတ်ကို ဖောက်ဖျက်နေတာပဲလို့ သုံးသပ်ပါတယ်။
အခုကိစ္စကိုစည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာ တော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
စီမံကိန်းအနေနဲ့တော့ (၆)ခန်းတွဲ (၆)ထပ်တိုက်အနေနဲ့ တည်ဆောက်မှာဖြစ်ပြီး အဲ့ဒီဝင်းထဲမှာနေထိုင်တဲ့ ဝန်ထမ်းမိသားစု ၁၆ စုလောက် ရှိနေပါတယ်။ တခြားနေရာကိုပြောင်းဖို့ တိုက်တွန်းမှုတွေကြောင့် ပြောင်းသွားတဲ့ ဝန်ထမ်းမိသားစု ၅ စုလောက်ရှိပါတယ်။
အဲ့ဒီဝန်ထမ်းအိမ်ရာဝင်းထဲမှာတော့ စည်ပင်သာယာရေးကော်မတီက လမ်းတံတားဌာန၊ သန့်ရှင်းရေးဌာန၊ မော်တော်ယာဉ်ဌာန၊ စီမံရေးရာဌာနက ဝန်ထမ်းတွေ နေထိုင်ကြပါတယ်။
သတင်း- သင်းသင်းဇော်