Home
မြန်မာသတင်း
အမ်းမြို့နယ်တွင် အမျိုးသမီးငယ် ၁  ဦး လက်နက်ကြီးကျည်ဆန်စထိမှန်ပြီး ဒဏ်ရာပြင်းထန်
DVB
·
March 3, 2020
87980131_1525899380890977_3805149464419631104_o
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇူးကိုင်းကျေးရွာအုပ်စု၊ ဂျိတ်ချောင်းရွာမှာ မတ်လ ၂ ရက်ညနေက ရွာနားကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးငယ်တဦး ကျည်ဆန်စ ဝမ်းဗိုက်ကိုထိမှန်ကာ ဒဏ်ရာပြင်းထန်တာကြောင့် အမ်းမြို့နယ်ပြည်သူ့ဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်ရပါတယ်။ ကဇူးကိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကိုခင်သန်းအောင်က “ပစ်ခတ်သံတွေကြားတယ်ဆိုပြီးတော့မှ ဂျိတ်ချောင်းကနေ ဖုန်းဆက်လာတယ်။ ကျနော်ကနေ ရွာအစွန်ကလူတွေ ရွာထဲက နည်းနည်းလုံခြုံတဲ့ နေအိမ်တွေသွားပါဆိုပြီးပြောတော့ ရွာအစွန်ကလူတွေက ရွာထဲကို သွားနေတဲ့အချိန်မှာ ရွာနားမှာ လက်နက်ကြီးကျည်ကျတာပေါ့။ အဲဒီအချိန်မှာ လက်နက်ကျည်စက မစိုးစိုးရီဆိုတဲ့ကလေးမလေးရဲ့ ဝမ်းဗိုက်ကိုထိမှန်သွားတာပေါ့။ ဖြစ်တာကတော့ ညနေ ၅ နာရီလောက်မှာ ဖြစ်မယ်ထင်တယ်။ အဲဒီလောက်မှာဖြစ်တော့ ကျနော်တို့ ဒီဘက်ကလမ်းကြောင်းကချက်ချင်းကြီးကယ်လို့မရဘူး ဖြစ်နေတယ်။ ကျနော်တို့ ၈ နာရီလောက်မှာ ပဲ ချိတ်ဆက်ပြီးမှ ကယ်ထုတ်လိုက်ပြီးတော့ အမ်းမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်လိုက်ရ တယ်ပေါ့” လို့ပြောပါတယ်။ မစိုးစိုးရီရဲ့ဝမ်းဗိုက်ကို ကျည်စမှန်ပြီး အစာအိမ်ကိုဖောက်ဝင်သွားတဲ့အတွက် အမ်းဆေးရုံမှာ အရေးပေါ် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး အခုကတော့ သက်သာနေပြီလို့ သိရတယ်။  အဆိုပါလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် တခြား ရွာသားတွေ ထိခိုက်သေဆုံးတာမရှိဘဲ ဆိတ်တကောင်၊ ကျွဲတကောင်နဲ့ ဝက်တကောင် သေဆုံးသွားခဲ့တယ်လို့ ကဇူးကိုင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီးဝင်းဇော်ဦးနဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို ကြိုးစားဆက်သွယ်မေးမြန်းခဲ့ပေမယ့် မရခဲ့ပါဘူး။ အဆိုပါကျေးရွာအနီးမှာ မနေ့က တပ်မတော်နဲ့ အေအေတို့  တိုက်ပွဲဖြစ်ပွားခဲ့တာ မရှိဘူးလို့ ရက္ခိုင့်တပ်တော်ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။ “ဒီဒါးလက်အနောက်ရွာဘက်တွေမှာလည်း လက်နက်ကြီးတွေထိတယ်လို့ ကျနော်တို့ သိရတယ်။ ကဇူးကိုင်း ဂျိတ်ချောင်းက အမျိုးသမီးငယ်တဦးလည်းပဲ အဲဒီမှာ ဒဏ်ရာရသွားတယ်လို့ သိရတယ်။ မြန်မာစစ်တပ်ဟာ ဘာမှတိုက်ပွဲဖြစ်ပွားတာမရှိပဲနဲ့ အဲဒီလိုအရပ်သားပြည်သူတွေ နေတဲ့ နေရာတွေကို ဦးတည်ပြီးတော့ ဒီလိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေက ဒါဟာ စစ်ရာဇာဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေတာဖြစ်တယ်” အမ်းမြို့နယ်၊ ဂျိတ်ချောင်းကျေးရွာအနီးမှာ မနေ့ကစတင်ပြီး ပစ်ခတ်မှုတွေဖြစ်ပေါ်လာခဲ့သလို လက်နက်ကြီးကျည်ကျရောက်ခဲ့လို့ ကျေးရွာရှိ ဒေသခံတွေ စိုးရိမ်ထိတ်လန့်ကာ ကဇူးကိုင်းကျေးရွာကို ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြပါတယ်။ သတင်း- နောင်နောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024