Home
မြန်မာသတင်း
လွှတ်တော်ဂုဏ်သိက္ခာနှင့် မညီသည့်ဆွေးနွေးမှုများကို တရားစွဲအရေးယူနိုင်ဟု နာယက သတိပေး
DVB
·
February 27, 2020
87171874_2783748151712866_6270761073746378752_o
ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးရာမှာလွှတ်တော်ရဲ့ ဂုဏ်သိက္ခာနဲ့ မညီညွတ်တဲ့ ဆွေးနွေးမှုတွေ လိုအပ်တာထက်များပြားလာမယ်ဆိုရင် အရေးယူနိုင်သလို တရားစွဲဆိုနိုင်တဲ့ အခွင့်အရေးအထိ ရှိတယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ဒီနေ့လွှတ်တော်မှာ ကိုယ်စားလှယ်တွေကို သတိပေးလိုက်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ တတိယမြောက်နေ့အဖြစ် ဆက်လက် ဆွေးနွေးနေကြတာပါ။  ဒီနေ့မှာ ကိုယ်စားလှယ် ၂၉ ဦးက ပါဝင်ဆွေးနွေးကြပြီး ဆွေးနွေးမှုတွေအပြီး တပ်မတော်သားကိုယ်စားလှယ် ၂ ဦး ကန့်ကွက်ရာကတဆင့် ပြည်ထောင်စု လွှတ်တော်နာယက က ထပ်မံသတိပေးရတဲ့ အခြေအနေဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။ “ဒီလိုဆွေးနွေးတဲ့အချိန်မှာလည်း ပြောပြီးသားဖြစ်ပါတယ်။ နာယကအနေနဲ့ စီမံခန့်ခွဲရေးအရ အရေးယူလို့ရသလို သူ့အဆင့်အလိုက်ရှိပါတယ်။ သိပ်လွန်လာလျှင် ဥပဒေအရ တရားစွဲဆိုတဲ့ အဆင့်အထိ အရေးယူနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ ဒီအခြေအနေမျိုးကို မိမိအနေနဲ့ မလိုလားပါဘူး။ အားလုံးက တိုင်းပြည်အတွက် ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်တဲ့အချိန်မှာ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ အမြင်မတူပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဂုဏ်သိက္ခာချ တဲ့ဟာမျိုး၊ပုတ်ခတ်တဲ့ဟာမျိုးတော့ မပါစေဖို့ ကျနော်အနေနဲ့ အနူးအညွတ်တောင်းပန်လိုပါတယ်။” လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောပါတယ်။ ပြည်ထောင်စုလွှတ်တော်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးမှုတွေ မစတင်ခင်ကတည်းက ပြည်ထောင်စုလွှတ်တော်နာယက က ကိုယ်စားလှယ်တွေရဲ့ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ကြိုတင်သတိပေးခဲ့ပါတယ်။  ဒါပေမယ့်လည်း ဆွေးနွေးမှုတွေ စတင်တဲ့ ဖေဖော်ဝါရီ ၂၅ ရက်ကနေ ဖေဖော်ဝါရီ ၂၇ ရက်နေ့အထိကို ကိုယ်စားလှယ် ၆၃ ဦးက ဆွေးနွေးခဲ့ရာမှာ ကန့်ကွက်မှုပေါင်း ၁၀ ကြိမ်ကျော် အထိရှိပြီး  ဒီနေ့လည်း ကန့်ကွက်မှု ၆ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024