စာသင်ကျောင်းများအနီးတွင် တိုက်ပွဲများမဖြစ်ကြရန် ပညာရေးဒုဝန်ကြီး မေတ္တာရပ်ခံ
DVB
·
February 19, 2020
စာသင်ကျောင်းတွေအနီးမှာ တိုက်ပွဲတွေ မဖြစ်ကြဖို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီးက မေတ္တာရပ်ခံလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ အေအေအဖွဲ့တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေရာ ဖေဖော်ဝါရီ ၁၃ ရက်က ဘူးသီးတောင်မြို့နယ် ခမွိချောင်းကျေးရွာ မူလတန်းလွန်ကျောင်းကို လက်နက်ကြီးကျရောက်ခဲ့လို့ ကျောင်းသား ကျောင်းသူတွေထိခိုက် ဒဏ်ရာရခဲ့တာပါ။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပညာရေး ဒုဝန်ကြီးက ဒီနေ့ ဖေဖေါ်ဝါရီ ၁၉ ရက်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အပြီး မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
“မလုပ်ကြပါနဲ့ပေါ့ဗျာ အဲ့နားဘယ်သူ့မှ။ ကျနော်တို့ကတော့ မည်သည့်ခွဲခြားမှုမှ မရှိပါဘူး။ စာသင်ချင်လား လာခဲ့၊ စာမေးပွဲဖြေချင်လား လာခဲ့။ ပညာရေးကိုပဲ ကျနော်တို့က အားပေးချင်ပါ တယ်။ ခုနတုန်းကလို လက်နက်ကြီး ကျည်ကျတော့ ပစ်လိုက်တာ ဆရာ/ဆရာမတွေ ထိတာတွေ လည်း ရှိတာပေါ့။ ကျနော်တို့ အင်မတန်စိတ်မကောင်းဖြစ်ပါတယ်။ တတ်အားသရွေ့လည်း ကျနော်တို့အစီအစဉ်နဲ့ ကျနော်တို့ ကူညီပံ့ပိုးမှုတွေ ရှိပါတယ်။ မီဒီယာကနေတဆင့် ဝိုင်းပြီးပြောပေး ပါဗျာ။ ကျောင်းဧရိယာမှာတော့ မလုပ်ကြပါနဲ့။ အေးချမ်းစွာ ပညာသင်ကြားခွင့်ပေးပါလို့။ ဒီလိုပဲပြောချင်ပါတယ် ” လို့ ပညာရေး ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောပါတယ်။
တပ်မတော်နဲ့ အေအေအဖွဲ့တို့ရဲ့ တိုက်ပွဲ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဆရာ/ ဆရာမတချို့ ထိခိုက်ဒဏ်ရာရခဲ့သလို ကျောင်းသား/ကျောင်းသူ ၂၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)