ခရီးသွားလုပ်ငန်းဥပဒေကို မန္တလေးတိုင်းလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု
DVB
·
February 17, 2020
မန္တလေးတိုင်းဒေသကြီးခရီးသွားလုပ်ငန်း ဥပဒေကို မန္တလေးတိုင်းဒေသကြီး လွှတ်တော်က ပြင်ဆင်ချက်နဲ့ အတူ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
အဲ့ဒီ ဥပဒေကို ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ၂၀၁၉ ခုနှစ် နိုဝင်ဘာလထဲက လွှတ်တော်ဥက္ကဋ္ဌ ကနေ တဆင့်ပေးပို့ထားတာဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၃၁ ရက်ကကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်က လက်ခံ ဆွေးနွေးဖို့ တင်သွင်းခဲ့တာပါ။
ဒီဥပဒေကြမ်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးပြင်ဆင်ဖြည့်စွက်တာတွေလုပ်ဆောင်ခဲ့ကာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ အတည်ပြုနိုင်ခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာပြဋ္ဌာန်းထားတဲ့ဥပဒေမှာ အခွန်အခနဲ့ ပတ်သက်ပြီး တိတိကျကျ ပြဋ္ဌာန်းထားတာမရှိဘဲ ဒီဥပဒေကို မန္တလေးတိုင်းလွှတ်တော်ကပြဋ္ဌာန်းလိုက်တဲ့အတွက် အခွန် အခတွေ ရပိုင်ခွင့်ရှိတယ်ဆိုတာ တိတိကျကျသိသွားစေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ပြောပါတယ်။