မြန်မာနိုင်ငံက တရုတ်နိုင်ငံကို ဆန်တန်ချိန် ၂၀၀ လှူဒါန်းရန် စီစဉ်နေ
DVB
·
February 14, 2020
မြန်မာနိုင်ငံက တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၂၀၀ လှူဒါန်းသွားဖို့ကိစ္စ နှစ်နိုင်ငံတာဝန်ရှိသူတွေ ဒီကနေ့ နေပြည်တော်မှာဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံခြားရေးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့ ဒီကနေ့မနက် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
တွေ့ဆုံရာမှာ ပြည်ထောင်စုဝန်ကြီးက ကိုရိုနာဗိုင်းရပ်စ်ရောဂါကို တရုတ်သမ္မတ ဦးဆောင်ပြီး တရုတ်ပြည်သူတွေရဲ့ စည်းလုံးညီညွတ်စွာမှု ပူးပေါင်းပါဝင်မှုနဲ့ ကြိုးပမ်းနေတဲ့အပါ် ချီးကျူးကြောင်း၊ ဝူဟန်မြို့ရှိ မြန်မာကျောင်းသားတွေ ပြန်ခေါ်ရာမှာ တရုတ်အစိုးရရဲ့ ပူးပေါင်းကူညီ ပံ့ပိုးမှုအတွက်ကျေးဇူးတင်ရှိကြောင်း၊ အိမ်နီးချင်းတရုတ်နိုင်ငံမှာ အခက်အခဲကြုံတွေ့နေရချိန် နှစ်နိုင်ငံအကြား တည်ထောင်ထားတဲ့ အေးအတူပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို အခြေခံကာ မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၂၀၀ ကို တရုတ်နိုင်ငံသို့ လှူဒါန်းသွားဖို့ စီစဉ်ဆောင်ရွက်နေတဲ့ အခြေအနေတွေ ဆွေးနွေးခဲ့တယ်လို့ အစိုးရ သတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင်နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်တွေ၊ မြန်မာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နဲ့ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်တွေမှာ တရုတ်နိုင်ငံမှ ဆက်လက် အကူအညီပေးအပ်မယ့် ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ- MOFA