အကြမ်းဖက်စိတ် လွှမ်းမိုးတဲ့ကာလ ရောက်နေပြီလား
DVB
·
February 12, 2020
လူတွေ အရိုင်းစိတ်ဝင်နေသမျှတော့ ယဉ်ပါးနေပါပြီ ဆိုတဲ့စကား ပြောနေရဦးမှာပါပဲ။ ကမ္ဘာကြီးကိုယ်နှိုက်က အကြမ်းဖက်စိတ် လွှမ်းမိုးနေပြီလားဆိုတာ စဉ်းစားစရာပါ။ အမေရိကန်သမ္မတ ထရမ့်၊ ဖိလစ်ပိုင်သမ္မတ ဒူတာတေနဲ့ မြောက်ကိုရီးယားပါတီ ဥက္ကဋ္ဌ ကင်ဂျုံအန်တို့ ကမ္ဘာ့စာမျက်နှာပေါ် တက်လာချိန်မှာ နယူးဇီလန်က သေနတ်သမား ‘ဘရန်တန်တာရန်’၊ နော်ဝေက သေနတ်သမား ‘ဗရေ့ဗစ်’တို့လည်း ကမ္ဘာ့စာမျက်နှာပေါ် ရောက်လာခဲ့သလို အခုလည်း ထိုင်းနိုင်ငံက သေနတ်သမား ‘ထုန်မာ’ရဲ့ လုပ်ရပ်တွေကလည်း ကမ္ဘာ့ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတခု ဖြစ်လာခဲ့ပြန်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ဖြစ်ရပ်မှာ တိကျသေချာတဲ့ အကြောင်းအချက်ကို မဖော်ပြနိုင်ပေမယ့် ကိုယ်ရေးကိုယ်တာ သောကရဲ့ဖိစီးမှု တခုခုတော့ ရှိနေဟန်ပါ။ အခင်းမဖြစ်ပွားမီ ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့တဲ့ သူ့ပို့စ်မှာ “လိမ်လည်လှည့်ဖြား အခွင့်အရေးယူ ချမ်းသာလာတဲ့ လူတွေကို မကျေနပ်ကြောင်း”ရေးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးမှ အခင်းဖြစ်ရာအိမ်မှာ သူ့အထက်အရာရှိနဲ့ အမျိုးသမီးတဦးကို ပစ်သတ်ခဲ့တာ။ အစောင့်စစ်သားအပါအဝင် သုံးယောက်ပါ။ နောက် စစ်သုံးကားနဲ့ လက်နက်တချို့အပါအဝင် ခဲယမ်းနဲ့ ကျည်အများအပြား ယူဆောင်ပြီးသွားရာက ဘုန်းကြီးကျောင်းအနီးမှာ လူ ၉ ယောက် ပစ်သတ်ခဲ့တယ်။ Terminal 21 မှာတော့ လူ ၂၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သူ တင်ခဲ့တဲ့ပို့စ်အချို့ကတော့ မီဒီယာမှာ ဖော်ပြလာခဲ့ကြပေမယ့် ထူးခြားတဲ့ အကြောင်းအချက်တော့ မတွေ့ရပါဘူး။ ‘သူ လက်နက်ချသင့်သလား’။ ကျည်တွေ၊ လက်နက်တွေကို ပြပြီး ‘အခု စိတ်လှုပ်ရှားဖို့ အချိန်ကျပြီ’လို့ ရေးတင်ခဲ့တယ်။ နောက်တော့ ‘သေခြင်းတရားကို မည်သူမျှ ရှောင်လွှဲလို့မရ’ဆိုတဲ့စာကို ရေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီစာအရဆိုရင် သူဟာ အသေခံမယ်လို့ ဆုံးဖြတ်ပြီးဖြစ်ဟန် ရှိပါတယ်။ ကျည်ဆန်တွေ၊ လက်နက်တွေကို ပြပြီး အခု စိတ်လှုပ်ရှားဖို့ အချိန်ကျပြီ’လို့ ရေးခဲ့တာဟာလည်း ပစ်ခတ်တိုက်ခိုက် ခုခံကာကွယ်ဖို့ ဆုံးဖြတ်ထားဟန်ရှိပါတယ်။ နောက်ဆုံးတော့ လက်နက်ချခြင်းနဲ့ သေခြင်းတရား နှစ်ခုမှာ သူဟာ သေခြင်းတရားက ပေးတဲ့ စိတ်လှုပ်ရှားဖွယ် ခံစားချက်ကိုပဲ ရွေးသွားခဲ့တာ။
သူ ဘာလို့ ဒီလို လုပ်ခဲ့သလဲ။ အစကတည်းက ဆုံးဖြတ်ချက်ချပြီးမှ လုပ်ခဲ့တာလို့ ယူဆနိုင်တယ်။ မဆိုင်သူတွေကို ဘာလို့ ပစ်သတ်ခဲ့တာလဲ။ သူ့အတွက် ရေထဲ မိုးထဲ ကာလမှာ ဘာလို့ ဖေ့စ်ဘွတ်ခ်မှာ ပို့စ်တင်ခဲ့တာလဲ။ သွေးအေးအေးနဲ့ ရင်ဆိုင်ခဲ့ဟန်ပါ။
နယူးဇီလန်မှာ ဖြစ်ခဲ့တဲ့ ဗလီနှစ်ခုကို ပစ်ခတ်ခဲ့တဲ့ ‘ဘရန်တန်တာရန်’တယောက် လိုက်ဖ်လွှင့်ပြီး ပစ်ခတ်ခဲ့တာအပေါ်မှာ အားကျခဲ့လေရော့သလားလို့ စဉ်းစားဖွယ်ရာပါ။ ဩစတေးလျနိုင်ငံဖွား ဘရန်တန်တာရန်’ ဟာလည်း လူပေါင်း ၄၉ ယောက်ကို တပြိုင်တည်း ပစ်သတ်ခဲ့တာ။ သူကလည်း သူ့ခေါင်းမှာ ‘ဂိုးပရို’လို့ခေါ်တဲ့ ကင်မရာတပ်ပြီး၊ သူ ပစ်ခတ်နေပုံတွေကို လိုက်ဖ်လွှင့်ပြခဲ့တာ။ ဒါကလည်း ‘ဂိမ်း’ကစားတဲ့ဟန်ကိုယူပြီး လုပ်ဆောင်ခဲ့တာလို့ ဆိုကြပါတယ်။ ဒါကိုများ အားကျစိတ်ဝင်ခဲ့လေသလား…။
ဒီလိုပဲ နော်ဝေနိုင်ငံမှာဖြစ်ခဲ့တဲ့ ‘ဗရေ့ဗစ်’ရဲ့ ပစ်ခတ်တိုက်ခိုက်မှုဟာလည်း ကမ္ဘာ့စာမျက်နှာပေါ်မှာ အထိတ်တလန့်ဖြစ်ခဲ့ပါတယ်။ ဖြစ်ရပ်တွေနဲ့ အကြမ်းဖက်လုပ်ရပ်လို့ သတ်မှတ်ရာမှာ တူညီခဲ့ကြတယ်။ ဒါပေမဲ့ ရည်ရွယ်ချက်၊ ဦးတည်ချက်တွေကတော့ ကွာခြားခဲ့ပါတယ်။ နော်ဝေနိုင်ငံနဲ့ နယူးဇီလန်နိုင်ငံတို့မှာ ဖြစ်ပေါ်ခဲ့တာတွေက အစွန်းရောက်အမျိုးရေးသမားတို့ရဲ့ လုပ်ရပ် ဖြစ်ခဲ့တာပါ။ ‘ဗရေ့ဗစ်’ နဲ့ ’ဘရန်တန်တာရန်’တို့ဟာ အစွန်းရောက်လက်ယာဝါဒီအဖြစ် ဖော်ပြခဲ့ကြတယ်။ ၂၀၁၉ ခုနှစ် ဩဂုတ်လထဲမှာ ဖြစ်ခဲ့တဲ့ နော်ဝေနိုင်ငံသား Philip Manshaus ဟာလည်း ဖေ့စ်ဘွတ်ခ်ကနေ လိုက်ဖ်လွှင့်ပြီး ပစ်ခတ်ခဲ့တာပါပဲ။ သူကလည်း “နယူးဇီလန်မှာ ဖြစ်ခဲ့တဲ့ ဩစတေးလျ သေနတ်သမားအား ထောက်ခံကြောင်း”သူ့ပို့စ်မှာ ရေးသားခဲ့ပါသေးတယ်။
သူတို့အားလုံးကတော့ နိုင်ငံခြားသားတွေ အခြေချနေထိုင်မှု တိုးပွားလာတဲ့အပေါ် မကျေနပ်တဲ့ လက်ယာအစွန်းရောက်တွေ ဖြစ်ကြတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ သူတို့ရဲ့ လုပ်ရပ်တွေကို လိုက်ဖ်လွှင့်တာ၊ ပို့စ်တင်တာတွေကတော့ “လူတွေရဲ့ အာရုံစိုက်မှုကို ခံယူလိုတဲ့၊ လိုလားတဲ့ အခြေခံစိတ်မှာတော့ တူညီနေတာကို တွေ့ရတယ်။ ပေါ်ပြူလာ ဖြစ်လိုစိတ်၊ ထင်ပေါ်ကျော်ကြားလိုစိတ်လည်း ရှိနေတယ်လို့ ယူဆနိုင်ကြောင်း စိတ်ပညာရှင်တွေက သုံးသပ်ကြပါတယ်။ တပြိုင်တည်းမှာပဲ အကြမ်းဖက်လိုစိတ်ဟာလည်း သူတို့စိတ်သန္တာန်မှာ အမြစ်တွယ်နေဟန် ရှိတယ်လို့ ဆိုကြပါတယ်။
ဒီအကြမ်းဖက်လိုစိတ်ဟာ ဘယ်မှာ မြစ်ဖျားခံခဲ့သလဲ။ လူမှုရေး၊ စီးပွားရေး နိုင်ငံရေး မကျေလည်မှုတွေမှာ မြစ်ဖျားခံခဲ့သလား။ နယူးဇီလန်နဲ့ နော်ဝေနိုင်ငံတို့မှာတော့ အစွန်းရောက် အမျိုးသားရေးကနေ အစပြုခဲ့ဟန်ရှိပါတယ်။ ၂၀ ရာစုနှောင်းရဲ့ ပဋိပက္ခဖြစ်မှုဟာ လက်ဝဲ လက်ယာ အားပြိုင်မှုရဲ့ စစ်အေးကာလအပေါ် အခြေခံခဲ့ပေမယ့် ၂၁ ရာစုအစောပိုင်းကစပြီး ဒေသဆိုင်ရာ အမျိုးသားရေးအားပြိုင်မှုအပေါ် ပြောင်းလဲလာခဲ့တာကို တွေ့နိုင်တယ်။ တနည်းပြောရရင် အမျိုးသားရေးအစွန်းရောက်မှုတွေကနေ မြစ်ဖျားခံလာတယ် ဆိုနိုင်ကြောင်း ပညာရှင်တွေက လေ့လာခဲ့ကြပါတယ်။
ဒီနေရာမှာ ထိုင်းနိုင်ငံ ပြန်လည်ပြုပြင်ရေးစခန်း ညွှန်ကြားရေးမှူးချုပ် ဆာဗက်စတာနန်က “တခါ တခါတော့လည်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခအဖြေက သေနတ်တွေ ဖြစ်နေတတ်တယ်။ သေနတ်ကပဲ တရားမျှတမှုကို ဖြစ်စေတယ်လို့ ထင်နေကြသူတွေ ရှိတယ်”လို့ ပြောခဲ့တယ်။
တရားမျှတမှု ကင်းမဲ့တယ်၊ ဖိနှိပ်ခံရတယ်၊ ငွေများ တရားနိုင်တယ်၊ ဥပဒေအထက်မှာ လူပုဂ္ဂိုလ်သော်လည်းကောင်း၊ အဖွဲ့အစည်းတရပ်ရပ် ရှိနေတယ်လို့ ယူဆလာရင် ဒီလို ဖြေရှင်းမှုမျိုးကပဲ တရားမျှတမှုကို ပေးနိုင်တယ်လို့ ထင်မြင်လာကြမှာပါပဲ။
ဘာပဲဖြစ်ဖြစ် ထိုင်းနိုင်ငံရဲ့ လတ်တလောဖြစ်ရပ်တွေနဲ့ နယူးဇီလန်၊ နော်ဝေနိုင်ငံတို့မှာ ဖြစ်ပေါ်ခဲ့တဲ့ အစွန်းရောက်အမျိုးသားရေးဝါဒီတွေနဲ့ အစွန်းရောက်လက်ယာဝါဒီတို့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေဟာ ကမ္ဘာကြီးအတွက် သင်ခန်းစာယူ သတိပြုကြရမှာပါ။ အဲဒီလိုပဲ ထိုင်းနိုင်ငံမှာ ဖြစ်ခဲ့တဲ့ သေနတ်ပစ်ပြီး တရားမျှတမှု ရှာဖွေခြင်းမျိုးကလည်း ထိတ်လန့် သင်ခန်းစာယူစရာပါ။ တခါတခါတော့လည်း ကမ္ဘာကြီးဟာ အဖျက်စိတ်နဲ့ တည်ဆောက်စိတ် နှစ်ခုမှာ အဖျက်အင်အားစုက များနေခြင်းကြောင့်ပဲ တရာမျှတမှုကင်းပြီး အကြမ်းဖက်စိတ်တွေ ပေါက်ကွဲနေကြလေရော့သလားလို့ တွေးထင်စရာပါ။
ဒီဖြစ်ရပ်အားလုံးကို သင်ခန်းစာအဖြစ် ယူရင်း မြန်မာနိုင်ငံမှာလည်း အစွန်းရောက်အ မျိုးသားရေးဝါဒီ မပေါ်ထွန်ရေး။ တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးရေးကို ဘယ်လို ပြင်ဆင်အကောင်အထည်ဖော်ကြမလဲ ဆိုတာကို အစဉ်သတိပြုသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ထွန်းဇော်ဌေး