ပုသိမ်ခရိုင်၌ ၁ ပတ်အတွင်း ပိုင်ရှင်မဲ့သစ် ၄၄ တန် ကျော်နှင့် စက်လှေ ၂ စီးဖမ်းမိ
DVB
·
February 11, 2020
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်အတွင်းက သာပေါင်းမြို့နယ်နဲ့ ရေကြည်မြို့နယ်မှာ ၁ ပတ်အတွင်း ပိုင်ရှင်မဲ့သစ် ၄၄ တန်ကျော်နဲ့အတူ စက်လှေ ၂ စီး ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ရေကြည်မြို့နယ် ပန်းပုကွင်းကျေးရွာအုပ်စုအတွင်း ပုသိမ်-မုံရွာကားလမ်းဘေး မိုင်တိုင် အမှတ် (၃၅/၆)နဲ့ (၃၅/၇)ကြားမှာ မြို့နယ်သစ်တောဦးစီးဌာနက သစ်တောဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ ကျေးရွာအုပ်ချုပ်ရေးမှူးတွေပါဝင်တဲ့ အဖွဲ့က ရပ်တန့်ထားတဲ့ ၁၂ ဘီးကားပေါ်က တရားမဝင် တောင်သရက်ခွဲသား ၄၆ ချောင်း၊ ၈.၉၉၆၂ တန်ကို ပိုင်ရှင်မဲ့ ဖမ်းမိခဲ့တာလို့ တိုင်းဒေသကြီးသစ်တောဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၇ ရက်နေ့က သာပေါင်းမြို့နယ်၊ သမင်ကုန်းကျေးရွာအုပ်စု၊ သရက်ကုန်း ချောင်းအတွင်းမှာ မြို့နယ်သစ်တောဦးစီးဌာနက ဦးစီးအရာရှိ ဦးဆောင်တဲ့ သစ်တောဝန်ထမ်းတွေ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်ဦးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့က စက်လှေ ၂ စီးပေါ်မှာ တင်ဆောင်ထားတဲ့ တရားမဝင်တောင်သရက်ခွဲသား ၂၀၅ ချောင်း၊ ၃၅.၅၀၈၅ တန်ကို ပိုင်ရှင်မဲ့ဖမ်းမိခဲ့တယ်လို့ ပူးပေါင်းအဖွဲ့မှာ ပါဝင်ခဲ့သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ပိုင်ရှင်မဲ့သစ် ၄၄ တန် ကျော်နဲ့ စက်လှေ ၂ စီး ဖမ်းမိခဲ့တာနဲ့ပတ်သက်ပြီး ဆက်စပ်ပတ်သက်တဲ့ တရားခံတွေကို စုံစမ်းရှာဖွေဖော်ထုတ်ကာ ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ဖို့ သက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ရေကြည်မြို့နယ်၊ ဂွ-ငါးသိုင်းချောင်းကားလမ်း မိုင်တိုင်အမှတ် ၁ ၂/၂ အနီးမှာ သစ်တော ဝန်ထမ်းတွေ ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညပိုင်းက ဦးဇော်မျိုးနိုင်မောင်းနှင်လာတဲ့ ၆ ဘီးကားပေါ်က တရားမဝင် အခြားခွဲသား ၅၉ ချောင်း၊ ၇.၃၇၇၀ တန်ကို ဖမ်းမိခဲ့ပြီး ဦးဇော်မျိုးနိုင်ပါ ၄ ဦးကို ရေကြည်မြို့မရဲစခန်းမှာ သစ်တောဥပဒေပုဒ်မ ၄၁(က)နဲ့ အမှုဖွင့်ထားပါတယ်။
ရေကြည်မြို့နယ်မှာ ဇန်နဝါရီလ ၁ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ ညောင်ပင်သာ ကျေးရွာအုပ်စု၊ညောင်ပင်သာချောင်းအနီးနဲ့ ကြပ်ကွင်းကျေးရွာအုပ်စု၊ ညောင်ပင်ကွင်းကျေးရွာအနီး တရားမဝင် တောင်သရက်ခွဲသား ၁၉၂ ချောင်း၊ တန် ၃၀ ကျော်ကို ပိုင်ရှင်မဲ့ ဖမ်းမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)